(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် မြို့ခံအများစု ချက်ပြုတ်ရာတွင် အသုံးပြုကြသည့် မီးသွေးဈေးမြင့်တက်လာပြီး မီးသွေးတစ် အိတ်လျှင် ကျပ် လေးသောင်းခွဲအထိ ဝယ်ယူအသုံးပြုကြရသည်ဟု သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီး မရရှိတော့သည့် ကလေးမြို့ပေါ်တွင် ဒေသခံအများစုသည် ထမင်း၊ ဟင်းချက်ပြုတ်ရာတွင် ထင်းနဲ့ မီးသွေးကိုသာ အဓိကအသုံးပြုကြသည့်အပြင် ကြိုတင်ဝယ်ယူ၊ သိုလှောင်ထားသူ များ ပြားလာသောကြောင့် မီးသွေးဈေးနှုန်းလည်း ပိုမြင့်တက်လာခြင်းဖြစ်သည်ဟု တနိုင်တပိုင် မီးသွေးရောင်းသူ အမျိုး သမီးတစ်ဦးကပြောသည်။
“မီးသွေးဖုတ်တဲ့သူတွေအနေနဲ့လည်း လမ်းပိုင်းမှာဂိတ်ကြေးပေးရတာများသလို အဖမ်းအဆီးကလည်း များတဲ့အခါကြတော့ မြို့ထဲရောက်တဲ့မီးသွေးတွေက ကျမတို့ဖောက်သည်ဈေးနဲ့ယူဈေးတောင် များနေ တယ်လေ။ အရင်တုန်းက မီးသွေးက အသားကောင်းတာ၊ မကောင်းတာ ရွေးနေရပေမယ့် အခုရောက် လာတဲ့မီးသွေးတွေ အကုန်လှောင်ထားရတယ်။မီးသွေးပဲ အသုံးပြုတာများလာတော့ ဝယ်တဲ့သူလည်းများ တဲ့အတွက် ကုန်တာလဲ မြန်တယ်။တချို့က အခုထက်ဈေးအရမ်းတက်မှာစိုးရိမ်လို့ ဝယ်စုထားတဲ့သူတွေ လည်းရှိကြတယ်။ ” ဟု ကလေးမြို့က တနိုင်တပိုင် မီးသွေးရောင်းသူ အမျိုးသမီးက ပြောသည်။
ကလေးမြို့ပေါ်တွင် မီးသွေးဈေးနှုန်းသည် တစ်ဆိုင်နှင့်တစ်ဆိုင် နှုန်းထားမတူညီသော်လည်း လက်ရှိတွင် ကြို့သားတစ်အိတ်လျှင် (၄၅၀၀၀) ကျပ်အထိရှိကာ ရိုးရိုးပျဉ်းသားနှင့် အရောသားမီးသွေးအိတ်ဆိုက် ကြီးတစ် အိတ်လျှင် ၃၃၀၀၀ ကျပ်၊ အိတ်အသေး ၂၀၀၀၀ ကျပ် မှ ၂၈၀၀၀ ကျပ်အထိ ရှိသည်ဟု မီးသွေး ရောင်းသူ ထံမှသိရသည်။
မီးသွေးအဓိက အသုံးပြုကြရသည့် ကလေးမြို့ခံများသည် လက်ရှိတွင် မီး သွေးဈေးနှုန်း အဆမတန်မြင့် တက်လာသောကြောင့် နေ့စဉ် ချက်ပြုတ်ရာတွင်လည်း အခက်အခဲများကြုံနေရကြောင်း အိမ်ရှင်မ တစ်ဦးက ပြော သည်။
“မီးသွေးတွေက ဈေးတက်သလို အသားလည်းကောင်းရင်တော့ ချက်ပြုတ်ရတာက အဆင်ပြေတယ်။ တချို့အသားက ပွတော့ ပြာတွေပဲဖြစ်ကုန်တာ မီးပူတိုက်တာမျိုးတွေဆိုရင် လုံးဝအဆင်မပြေဘူး။ အခု နောက် ဆုံးဝယ်တာက ၃၅၀၀၀ နဲ့ဆိုတော့ ချွေတာပြီး သုံးရတယ်။ မနက်နဲ့ ညအတွက်ကို ဟင်းတွေ ချက်လိုက်ထားတာမျိုး လုပ်ရတယ်။” ဟု အိမ်ရှင်မက ပြောသည်။
လက်ရှိ ကလေးမြို့ပေါ်တွင် အိမ်သုံးဂတ်စ် (Gas) တစ်ပိဿာလျှင် (၂၂၀၀၀) ကျပ်ရှိသည်ဟု သိရပြီး ဓာတ်ဆီ တစ်ဂါလံ လျှင် ၅၀၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာလျှင် ၄၀၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ လျှင် ၄၀၀၀၀-၅၀၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ကြက်သွန်ဖြူ ၁၈၀၀၀ ကျပ်၊ ခရမ်းသီး ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ခရမ်းချဉ်းသီး တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ အားလူး တစ်ပိဿာ လျှင် ၇၀၀၀ ကျပ်၊ ဂျင်း တစ်ပိဿာလျှင် ၆၀၀၀ ကျပ်၊ မြစ်ဝါငါး တစ်ပိဿာလျှင် ၃၂၀၀၀ ကျပ်၊ ရွှေဝါငါး တစ် ပိဿာလျှင် ၂၃၀၀၀ ကျပ်၊ ဂေါ်ဖီထုပ် တစ်ပိဿာလျှင် ၈၀၀၀ ကျပ် တို့ဖြစ်သည်။
ကလေးမြို့ပေါ်တွင် အသုံးပြုသည့် မီးသွေးအများစုသည် ကလေးဝမြို့ဘက်မှ ဝင်ရောက်လာသည့် မီး သွေးများဖြစ် သည့်အပြင် လက်ရှိတွင် နိုင်ငံရေးအခြေအနေကြောင့် မီးသွေးဖုတ်သူနည်း ပါးလာပြီး မီး သွေးရှားပါးလာသောကြောင့် မီးသွေးဈေးနှုန်းမှာ ဆက်လက်မြင့်တက်လာရခြင်းဖြစ်သည်။

