(006SV)
ချင်းတော်လှန်ရေးအင်အားစု ညီအစ်ကိုများအကြား စစ်ရေးပဋိပက္ခများသည် ချင်းတော်လှန်ရေးကို ချိနဲ့စေရုံသာမက လူထု၏ နှလုံးသားကို ကုစားမရနိုင်သော ဒဏ်ရာများ ဖြစ်ပေါ်စေသောကြောင့် ညီအစ်ကိုကြား စစ်ရေးပဋိပက္ခကို ချက်ချင်းရပ်တန့်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် Chin Civil Movement – CCM က ကြေညာသည်။
ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းသော အနာဂါတ်ချင်းပြည်တည်ဆောက်ရေးအတွက် CCM ၏ မေတ္တာရပ်ခံ ပန်ကြားချက်ဟူ၍ ဇူလိုင်လ ၁၃ ရက်က ချင်းအရပ်ဖက်အသံများကို စုစည်း၍ တောင်းဆိုချက် ၄ ချက်ကို Chin Civil Movement – CCM ထုတ်ပြန်သည်။
“ကျနော်တို့ ချင်းပြည်နယ်မှာ ထိန်းချုပ်နယ်မြေတွေ လက်နက်ကိုင်အဖွဲ့အစည်းတွေက အသီးသီးရှိလာကြပြီ။ အဲလိုအခြေအနေမှာ နိုင်ငံရေးပလက်ဖောင်း ပိုကျယ်လာဖို့ ကြိုးစားကြတာကို ပိုလိုလားတယ်လို့ ပြောချင်တယ်။ အဲလို လုပ်ရမယ့်အစား သူတို့က နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ရောက်လာနေတဲ့အချိန်မှာ တခုခုဆိုရင် လက်နက်နဲ့ ဖြေရှင်းကြတယ်။ စစ်ရေးနဲ့ ဖြေရှင်းတဲ့ အတိုင်းအတာတွေကို လျော့ပြီး နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းတဲ့ လမ်းကြောင်းမျိုးကို ရွေးဖို့ အချိန်တန်နေပြီ။ ချင်းအမျိုုးသား တည်ဆောက်ရေးအတွက်။ နိုင်ငံရေးနည်းနဲ့ တည်ဆောက်ရပါမယ်။ လက်နက်နည်းနဲ့ တည်ဆောက်ရမယ်ဆိုရင် တချိန်လုံး ကျနော်တို့ လက်နက်တွေ ကိုင်ထားမယ်ဆိုရင် အဆင်မပြေမှုတွေကို ပိုတွန်းပို့နိုင်တယ်” ဟု CCM မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ချင်းပြည်အနာဂါတ်အတွက် ချင်းညီအစ်ကိုများအကြား လက်နက်ဖြင့် ဖြေရှင်းသော ပဋိပက္ခအားလုံးကို ချက်ချင်းရပ်တန့်ပြီး တော်လှန်ရေးအင်အားများကို ဘုံရန်သူ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ချေမှုန်းရာတွင် စုစည်းအသုံးချကြရန် CCM က တိုက်တွန်းသည်။
ချင်းအချင်းချင်းကြား ပဋိပက္ခများတွင် လူမှုကွန်ရက်မှာ အမုန်းစကားများ၊ သတင်းတုသတင်းမှားများကို တစ်ဖက်နှင့်တစ်ဖက် သိက္ခာကျဆင်းစေရန် ရေးသားဖြန့်ဝေးမှုများ ပိုမြင့်တက်လာသည်ဟု CCM က ထုတ်ပြန်သည်။
နယ်ပယ်စုံက ချင်းပြည်သူ တဦးချင်းက အမုန်းတရားဖြစ်စေသော အရေးအသား၊ ပြောဆိုမှုကို ရှောင်ကျဉ်ပြီး အပြန်အလှန် လေးစားမှု၊ နားလည်မှုဖြင့် အပြုသဘောဆောင် ဆွေးနွေးမှုများ ဖြစ်လာစေရေး ဝိုင်းဝန်းကြိုးပမ်းကြရန် သတင်းဌာနများ၊ ဘာသာရေးခေါင်းဆောင်များ၊ ချင်းခေါင်းဆောင်များနှင့် ချင်းလူထုကို တိုက်တွန်းနှိုးဆော်ထားသည်။
“အဓိကက အွန်လိုင်းကနေ ပြောနေတဲ့ လူတွေဆိုတာက ချင်းနိုင်ငံရေးနဲ့ ဘယ်လောက် ကင်းကွာသွားပြီးလဲဆိုတာ မေးစရာ မေးခွန်းရှိတယ်။ ကိုယ်ထောက်ပံ့တဲ့ အဖွဲ့အစည်းကိုပဲ ပြောနေတာက လမ်းကြောင်းမှန်နေပြီးလား။ အဲလိုမဟုတ်ပဲ ချင်းတမျိုး သားလုံးကို ပြောနေတာမျိုး မတွေ့ရဘူး။ ကိုယ်ထောက်ပံ့နေတဲ့ အဖွဲ့အစည်းကိုပဲ ပြောနေခြင်းက ပဋိပက္ခကိုပဲ ပိုဆိုးဝါးစေတယ်။ တချို့ကိစ္စတွေက ကျနော်တို့ အတည်မပြုနိင်ဘူး။ ဥပမာ အားကောင်းတဲ့ မီဒီယာတွေမှာက အဆင့်ဆင့် စိစစ်အကဲဖြတ်မှုတွေ လုပ်ကြရတယ်။ အွန်လိုင်းပေါ်က တယောက်ယောက် ပြောလိုက်ရင် ဒါပဲ ဆိုတာမျိုး လုပ်လိုက်ကြတယ်။ ဒီဟာက သက်ရောက်မှု အများကြီး ရှိစေတယ်” ဟု CCM ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ချင်းတော်လှန်ရေးအင်အားစုများ အားလုံးက စစ်မြေပြင်မှ စာပွဲဝိုင်းသို့ ရိုးသားပွင့်လင်းစွာ အပြန်အလှန် လေးစားအသိ အမှတ်ပြုမှုကို အခြေခံပြီး တွေ့ဆုံဆွေးနွေးခြင်းဖြင့် နှစ်ဦးနှစ်ဖက် လက်ခံနိုင်သော အဖြေကို ရှာဖွေကြရန်လည်း CCM က တောင်းဆိုထားသည်။
လက်ရှိပဋိပက္ခများကို မီဇိုရမ်ပြည်နယ်အစိုးရ၊ ချင်းလူမှုအဖွဲ့အစည်းများနှင့် ဘာသာရေးခေါင်းဆောင်များက စေ့စပ်ညှိနှိုင် ကြိုးပမ်းနေမှုကို ကြိုဆိုပြီး သက်ဆိုင်ရာ အဖွဲ့အားလုံးက အပြည့်အဝ ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းနှိုးဆော်ထားသည်။
နိုင်ငံရေးအကြပ်အတည်းများနှင့် ဘုံရန်သူ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်နေရချိန်တွင် ချင်းတော်လှန်ရေး အင်အားစုအကြား သဘောထားကွဲလွဲမှုများကို လက်နက်ဖြင့် ဖြေရှင်းလာခြင်းသည် ချင်းတစ်မျိုးသားလုံးကို အလွန်ကြီးမားသော စိတ်နှလုံးကြေ ကွဲဖွယ်ရာပင်ဖြစ်သည်ဟု CCM က အသိပေးသည်။
ယင်းက ချင်းအရပ်ဖက်အဖွဲ့အစည်းများ၏ စုစည်းညီညွတ်သော အသံနှင့် ရပ်တည်လှုပ်ရှားမှုများကိုလည်း အကျပ်အတည်း ဖြစ်စေသည်ဟု ဆိုသည်။