(006SV)
ချင်းပြည်တောင်ပိုင်းနှင့် မကွေးနယ်စပ်လမ်းမပေါ်မှာ တည်ရှိသည့် ကန်ပက်လက်မြို့နယ်၊ ဒါးရင်ဒူးဒေသတွင် ကာကွယ်ရေးဆိုင်ရာ အရေးပေါ်လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်လိုသောကြောင့် ယနေ့မှ စတင်၍ တစ်ပတ်ကြာ ယာယီပိတ်မည်ဟု CDF – ကန်ပက်လက်၊ ခေါ်နူးတပ်ရင်း (တပ်ရင်း – ၅)ထံမှ သိရသည်။
စစ်အစိုးရသစ်က နိုင်ငံတဝန်းက မြို့နယ် ၆၀ ကျော်ကို အရေးပေါ်အခြေအနေ သတ်မှတ်၍ စစ်အုပ်ချုပ်ရေးကို ကြေညာခဲ့ရာ ကန်ပက်လက်မြို့နယ်လည်း ပါဝင်လာ၍ စစ်ရေးအခြေအနေကြောင့် ယာယီပိတ်ခြင်းဖြစ်သည်ဟု CDF – ကန်ပက်လက်မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“ဒါးရင်ဒူးဒေသပေါ့နော်။ ခေါ်နူးတပ်ရင်း လှုပ်ရှားဧရိယာမှာ ခဏပိတ်ထားတာပါ။ အဓိက ရည်ရွယ်ချက်ကတော့ စစ်ကောင်စီက အရေးပေါ်အခြေအနေ ကြေညာတဲ့ ၆၃ မြို့နယ်မှာ ကန်ပက်လက်က တစ်ခုအပါအဝင်ဖြစ်တယ်။ အဲဒီအတွက် ဒီအရေးပေါ် ကာကွယ်ချက်တွေ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာတွေ တပ်ရင်းအနေနဲ့ လုပ်ဆောင်ချင်လို့ ဒါကို ယာယီပိတ်ထားတာဖြစ်တယ်၊၊ ခရီးသွားလာမှုတွေ၊ ကုန်စည်စီးဆင်းမှုတွေကတော့ ပုံမှန်ပါပဲ။ လုံခြုံရေးဆိုင်ရာတွေ လုပ်တဲ့ အခါမှာ ပြည်သူတွေ ပူးပေါင်းပါဝင် အောင်လို့ ထုတ်ပြန်ထားတဲ့ သဘောပါ” ဟု CDF – ကန်ပက်လက်မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ကန်ပက်လက်မြို့နယ်၊ ဒါးရင်ဒူးဒေသရှိ ခေါ်နူးတပ်ရင်း ထိန်းချုပ်မှုနယ်မြေအတွင်းက ပြည်သူများအနေဖြင့် ကာကွယ်ရေးဆိုင်ရာ အရေးပေါ် လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်လိုသောကြောင့် ရပ်ဝေး၊ ရပ်နီး ခရီးသွားလာခြင်း၊ ဆိုင်ယ်ကယ်ရီဖြင့် ကုန်စည်ပို့ ဆောင်ခြင်း၊ ဒေသခြားသွားလာမှုများကို အရေးပေါ်အခြေအနေမှအပ သွားလာခြင်းမပြုဖို့ သတိပေးထုတ်ပြန်သည်။
အရေးပေါ်အခြေအနေမှ လွဲ၍ ခရီးသွားခြင်းနှင့် ကုန်သွယ်စီးဆင်းမှုများ အပါအဝင် လမ်းကြောင်းများအား ဂိတ် ၁ နှင့် ဂိတ် ၂ တို့ကို ဩဂုတ်လ ၄ ရက်မှ ၁၀ ရက်အထိ ယာယီပိတ်ထားမည်ဟု အသိပေးသည်။
CDF – ကန်ပက်လက်၊ ခေါ်နူးတပ်ရင်းက ထိန်းချုပ်ထားသော ဒါးရင်ဒူးဒေသသည် ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့နှင့် မကွေးတိုင်းနယ်စပ်အနီးတွင် တည်ရှိသည်။
အာဏာသိမ်းစစ်ကောင်စီသည် ဇူလိုင်လ ၃၁ ရက်က စစ်အစိုးရကို ပြုပြင်ပြောင်းလဲဖွဲ့စည်းရာတွင် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် မြို့ပေါင်း ၆၀ ကျော်ကို အရေးပေါ်အခြေအနေ ပြန်လည်ကြေညာခဲ့ရာ ချင်းပြည်နယ်က ၉ မြို့နယ်တွင် မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ပလက်ဝ၊ ဖလမ်း၊ တွန်းဇံနှင့် ထန်တလန်မြို့နယ်တို့ ပါဝင်သည်။