(004SS)
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ဘုရားကျောင်းမှအပြန် ဖမ်းဆီးခံရသူများအနက် (၁၀) ဦးကို စစ်ကော်မရှင်က ယမန်နေ့က ပြန်လည်လွှတ်ပေးလိုက်သည်ဟုသိရသည်။
ယမန်နေ့ အောက်တိုဘာလ (၅) ရက် တနင်္ဂနွေနေ့ညတွင် အဆိုပါ လူငယ် ၁၀ ယောက်ကို စစ်ကော်မရှင်က လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာ လူငယ် (၆) ဦးသာ ဆက်လက်ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။
ဟားခါးမြို့ဒေသခံတစ်ဦးက “မနေ့ညက (၁၀) ယောက် လွှတ်ပေးတယ်။ အခုက (၆) ယောက် ကျန်သေးတယ်။ အခုလွှတ် ပေးလိုက်တဲ့သူတွေကတော့ ဘာအပြစ်မှမရှိလို့ လွှတ်ပေးတာပေါ့နော်။ နောက်ကျန်တဲ့ (၆) ယောက်ကလဲ ဘာအပြစ်မှ လုပ်ထားတာတော့ မဟုတ်ဘူးဗျ။ ဒီတိုင်းမြို့ထဲမှာ နေနေတဲ့လူငယ်တွေပေါ့နော်။ သူတို့ကိုလဲ နောက်အချိန်တန်ရင် ပြန် လွှတ်ပေးမှာပါ။ တစ်ခါတည်းနဲ့ အကုန်လွှတ်မပေးချင်တဲ့ သဘောထင်ပါတယ်” ဟု ပြောသည်။
ဟားခါးမြို့တွင် ပြီးခဲ့သည့် ဩဂုတ်လ (၃) ရက် တနင်္ဂနွေနေ့လည်ပိုင်းက HBC ဘုရားကျောင်းမှ ပြန်လာသည့် လူငယ်များနှင့် ဟားခါး-ဂန့်ဂေါလမ်းမရှိ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေကြသော မြို့ခံလူငယ် စုစုပေါင်း (၄၀) ခန့်ကို စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများအနက် ကျောင်းသား (၇) ဦးနှင့် ဆေးရုံဆင်းလာခါစ လူငယ် (၁) ဦးတို့ကို ပထမအသုတ်အဖြစ် ဩဂုတ်လအတွင်းမှာပဲ ပြန်လွှတ်ပေးခဲ့ပြီးနောက် အခြားသူများကိုလည်း အသုတ်လိုက်ဖြင့်ပြန်လွှတ်ပေးခဲ့ရာမှာ (၆) ဦးသာ ကျန်ရှိတော့သည်ဟု သိရသည်။

