(004SS)
ချင်းပြည်နယ်မြောက်ပိုင်း တွန်ဇံမြို့နယ်၊ ဇမ်ပီး ကျေးရွာရှိ ZRA-EC ၏ ကင်းစခန်းတစ်ခုကို ယနေ့ စက်တင်ဘာလ ၁၀ ရက် မနက်အစောပိုင်းတွင် ZNA က ဝင်ရောက်တိုက်ခိုက်ရာမှာ ZRA-EC ရဲဘော်တစ်ဦးသေဆုံးကြောင်းသိရသည်။
ဖြစ်စဉ်မှာ ယနေ့မနက်အစောပိုင်း ၃ နာရီခန့်တွင် ဇမ်ပီးကျေးရွာရှိ ZRA-EC စခန်း၌ တာဝန်ကျနေသည့် တပ်ဖွဲ့ဝင် ၇ ဦးခန့်ကို ZNA က အင်အား ၃၀ ခန့်ဖြင့် ဝတ်စုံ ၂ မျိုးဝတ်ဆင်ကာ အလစ်အငိုက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည်ဟု ZRA-EC တပ်ဖွဲ့ဝင် Peter KimThang ၏ဖော်ပြချက်အရ သိရသည်။
အဆိုပါ တိုက်ပွဲအတွင်း ZRA-EC ဘက်မှ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ George Zomi သေဆုံးသွားခဲ့ပြီး အခြားတပ်ဖွဲ့ဝင် ၂ ဦးမှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ZRA-EC ဘက်က “နောင်တွင် သွေးစည်းညီညွတ်မှု အသိတရား ထားရှိတော့မည်မဟုတ်ဘဲ နေ့ညမရွေး တုံ့ပြန်ဆောင်ရွက်သွားမည်” ဟု သတိပေးထားသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၇ ရက်နေ့ကလည်း ZPCC/ZRA-EC က ZNA ၏ ကမ်းကေစခန်းကို အလစ်အငိုက် ဝင်ရောက်စီးနင်း ကာ စခန်းတစ်ခုလုံးကို မီးရှို့ဖျက်ဆီးပြီး ပစ္စည်းများကို ယူဆောင်သွားခဲ့ကြောင်း ZNA က ထုတ်ပြန်ခဲ့သည်။
ထို့သို့ထုတ်ပြန်ပြီး ၂ ပါတ်တိတိတွင် ZNA က တွန်ဇံမြို့နယ်ရှိ ZRA-EC ကင်းစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက် လာခြင်း ဖြစ်သည်။
Zomi National Army- ZNA တပ်ဖွဲ့သည် Zomi Revolutionary Army – Eastern Command – ZRA-EC မှ ခွဲထွက်သွားသည့် အဖွဲ့ဖြစ်ပြီး လက်ရှိတွင် နယ်မြေအတွင်း နှစ်ဖက် တပ်ဖွဲ့များအကြား လက်စားချေ တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

