(006SV)
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့ကို ၆ ရက်တာ ထိုးစစ်ဆင်တိုက်ခိုက်ပြီး အောင်မြင်စွာ သိမ်းပိုက်လိုက်ပြီ ဖြစ်ကာ SNA ဗိုလ် ၁ ဦးအပါအဝင် ရုပ်အလောင်း ၇ လောင်းကို ရရှိကြောင်း NUG အစိုးရ၊ အမှတ် ၁ စစ်ဒေသက ယနေ့ စက်တင်ဘာလ ၂၂ ရက်မှာ တရားဝင်ကြေညာသည်။
စက်တင်ဘာလ ၁၅ ရက်မှ စတင်၍ ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို ထိုးစစ်ဆင်တိုက်ခိုက်ရာ စက်တင်ဘာလ ၂၀ ရက်တွင် မြို့ပေါ်နှင့် အနီးဝန်းကျင် နေရာ ၂၀ နီးပါးတွင် အထိုင်ချတပ်စွဲထားသော စစ်ကော်မရှင်တပ်နှင့် ပူးပေါင်းတပ်စခန်းများကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဗန်းမောက်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောက်မရှင်ပူးပေါင်းတပ်မှ SNA ဗိုလ် (၁) ဦးအပါ အလောင်း (၇) လောင်း ရရှိပြီး တော်လှန်ရေးတပ်ဖွဲ့များမှ ရဲဘော် ၆ ဦး ကျဆုံးကာ ရဲဘော်တချို့ ထိခိုက်ဒဏ်ရာများ ရရှိကြောင်း သိရသည်။
မြို့သိမ်းတိုက်ပွဲတွင် G-3 (၂) လက်၊ Uzi (၁) လက်၊ AK (၁) လက်၊ ကျည်မျိုးစုံ (၁၂၈၇၆) တောင့်၊ ၁၂၀ မမ ဗုံးသီး (၂၈) လုံး၊ ၈၁ မမ ဗုံးသီး (၇) လုံး၊ ၆၀ မမ ဗုံးသီး (၁၄) လုံး၊ ဒရုန်းဗုံးသီးမျိုးစုံ (၁၀၀) လုံး၊ RPG (၁) လုံး၊ မျက်ရည်ယို ဗုံးသီး (၈၃) လုံး၊ 9Volt ကျည် (၇၀၂) တောင့်၊ အီနာဂါဗုံးသီး (၅၁) လုံး၊ နင်းမိုင်း (၃) လုံး၊ တိုက်မိုင်းမျိုးစုံ (၂၀) လုံး၊ ဖိုက်ဘာမိုင်း (၇) လုံး၊ ၉ မမ ကာဘိုင်ကျည် (၁၀) တောင့်၊ ကျည်အိမ်မျိုးစုံ (၂၉) ခုနှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရသည်။
စစ်ကော်မရှင်တပ်မှ ရဉ်ထွန်း (ဗျူဟာမှူး) ဦးစီး SNA တပ်မဟာ (၆၁၄၊ ၉၇၂)၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား (၄၀၀) ခန့် အခြေချနေထိုင်သော မြစ်သေးချင်းရွာ ကာကင်းကုန်း၊ မြစ်သေးချင်းရွာ၊ တာဝါတိုင်ကုန်း၊ အောင်ကမ္ဘာသိန်း KTV၊ ကျွဲကောကုန်းရွာ၊ မြစ်သေးချင်းရွာ ဘုန်းကြီးကျောင်း၊ ဒန်ဘို ဆီဆိုင်၊ ဘန်ဂလိုကုန်း၊ နားယကာရွာ၊ စက်တောရွာတို့ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု စစ်ဒေသ ၁ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် ကျွန်းတောင်စခန်းကုန်း၊ ဗန်းမောက်မြို့ ဗျူဟာကုန်း၊ အောင်သာကုန်းရွာစခန်းကုန်း၊ လွှစင်ကုန်း ဘုန်းကြီးကျောင်း၊ ဗန်းမောက်မြို့မစာသင်ကျောင်း၊ ဗန်းမောက်မြို့ ရဲစခန်း၊ မြနန္ဒာဘုန်းကြီးကျောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတတ်ရေး သင်တန်းကျောင်း (နသလ)ကိုလည်း တိုက်ခိုက် သိမ်းပိုက်ခဲ့သည်ဟု သိရသည်။
ကြောင်လည်ရွာ စခန်းကုန်းမှ ဗန်းမောက်မြို့သို့ စစ်ကူလာသော ကား (၁) စီးပါ စစ်ကော်မရှင်တပ် စစ်ကြောင်းကိုလည်း ဖြတ်တောက်တိုက်ခိုက်နိုင်ခဲ့ပြီး ကားကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်မှ ဂျက်တိုက်လေယာဉ်များဖြင့် (၁၀) ကြိမ် ဗုံးကြဲ တိုက်ခိုက်ပြီး ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်းများ ပြုလုပ်သည်ဟု သိရသည်။
ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုဖြင့် အမှတ် (၁) စစ်ဒေသ စစ်ဆင်ရေးမှူးနှင့် ကသာခရိုင် ကွပ်ကဲရေးမှူး ဦးစီး ကသာခရိုင် အမှတ် (၂၊ ၄၊ ၅) တပ်ရင်း၊ ကသာခရိုင် အမှတ် (၁၊ ၃) တပ်ရင်း ထုတ်နုတ်အဖွဲ့၊ ကသာခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ပကဖ (ဗန်းမောက်မြို့နယ်၊ ထီးချိုင့်မြို့နယ်၊ ကသာမြို့နယ်)၊ အမှတ် (၁) စစ်ဒေသမှ NCO သင်တန်းဆင်း စစ်ကြောင်း (၁၊ ၂)၊ အထူးလှုပ်ရှား တပ်ရင်းများ၊ အမှတ် (၁) လက်နက်ကြီး တပ်ရင်း၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ ဒရုန်းအဖွဲ့များ (ကသာခရိုင် တပ်ရင်း-၂၊ ကသာခရိုင် တပ်ရင်း-၄၊ MOD၊ အမှတ် (၁) စစ်ဒေသ၊ ကသာခရိုင် ပကဖ) အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် ဗန်းမောက်မြို့ဝန်းကျင်တွင် စစ်ကော်မရှင်တပ်များသည် ရွှေချောင်းရွာ၊ ပင်းဟင်းခါးရွာနှင့် သာယာကုန်းရွာတို့တွင် ကာကင်းထိုင်ထားပြီး အများစုမှာ ဗန်းမောက်မြို့နယ် မြောက်ဘက်ခြမ်းရှိ မံကုန်းရွာနှင့် အနောက်တောရွာသို့ ဆုတ်ခွာပူးပေါင်းသွားသည်ဟု သိရသည်။

