ချင်းတော်လှန်ရေးတပ်များ ထိန်းချုပ်သည့် ကနေဒီတောင်၊ သိုင်းငင်းတို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်
(006SV)
အာဏာသိမ်းစစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေ ရှိသည့် ချင်းမြောက်ပိုင်း ဒေသများကို စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းဖြင့် မြေပြင်ထိုးစစ်များ ပြုလုပ်နေကြောင်း သိရသည်။
ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ချင်းမြောက်ပိုင်းဒေသကို စစ်ကော်မရှင်တပ်က တီးတိန်း၊ ကလေး၊ ဝေဘူလ စသည့်တို့မှ စစ်ကြောင်း ၃ ကြောင်းဖြင့် အင်အားရာချီအသုံးပြုကာ အပြင်းအထန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
“ဖလမ်းကို အဓိက ဦးတည်နေတယ်။ တီးတိန်ဘက်ကလည်း သိုင်းငင်းကနေ ဆင်းလာတယ်။ ကလေးဘက်နေလည်း လာနေတာ ရှိတယ်။ ပြီးရင် နတ်ချောင်း၊ ဝေဘူလမြို့ဘက်ကနေလည်း ဖလမ်းမြို့ကို ဦးတည်လာနေတဲ့ စစ်ကြောင်းက အတော်နီးကပ်လာပြီ။ ဗားရ်တံတားနဲ့ နီးကပ်လာပြီးလို့ ပြောလို့ ရတယ်။ အနေအထားကတော့ ၂၀၂၆ ဇန်နဝါရီလ ၂၅ ရက် ဝန်းကျင်မှာ လုပ်မယ့် ရွေး ကောက်ပွဲ တတိယအပိုင်းမှာ ထန်တလန်၊ ဖလမ်း၊ တွန်းဇံ စတဲ့ ဒီ ၃ မြို့နယ်ကို ထည့်ချင်လို့ အပြင်းအထန် တိုက်စစ်ဆင်နေတဲ့ အနေအထားမျိုးပဲ၊၊ သေချာတာက စစ်တပ်က ဒုတိယပိုင်းမှာ ရွေးကောက်ပွဲ လုပ်စရာ မရှိဘူး။ အဲတော့ တတိယပိုင်းမှာ လုပ်မယ်။ ၉ မြို့နယ်မှာ ၅ မြို့နယ်ကို ရအောင် လုပ်သွားမယ်ဆိုတဲ့ အနေအထားမျိုးနဲ့ အင်အားသုံး စစ်ကြောင်းထိုးလာတဲ့ အနေအထားမျိုး ပါ”ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်း ခွဲ၍ ကျင်းပမည်ဟု ကြေညာထားသည့် စစ်ကော်မရှင်က အပိုင်း ၃ ရွေးကောက်ပွဲကို ၂၀၂၆ ဇန်နဝါရီလအတွင်းမှာပင် ကျင်းပမည်ဟု ယမန်နေ့က ပြောဆိုထားသည်။
စစ်ကော်မရှင်၏ အပိုင်း ၁ ရွေးကောက်ပွဲတွင် နိုင်ငံတဝန်း မြို့ပေါင်း ၁၀၀ ကျော်နှင့်အတူ ချင်းပြည်နယ်က ဟားခါးနှင့် တီးတိန်မြို့တို့ ပါဝင်ကြောင်း၊ အပိုင်း ၂ ရွေးကောက်ပွဲကို ချင်းပြည်နယ်မှာ ကျင်းပနိုင်ခြင်း မရှိကြောင်း ထုတ်ပြန်သည်။
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ အပိုင်း ၃ တွင် ကျင်းပရန် ကျန်ရှိနေသည့် မြို့ပေါင်း ၇၀ ကျော်ထဲမှ ချင်းပြည်နယ်က ထန်တလန်၊ ဖလမ်း၊ တွန်းဇန်မြို့တို့ ပါဝင်လာနိုင်သည်ဟု Data for Myanmar ကလည်း နိုဝင်ဘာလ ၁၁ ရက်မှာ ထုတ်ပြန်သည်။
“အပိုင်း (၃)အတွက် ကျန်တဲ့ ၇၂ မြို့နယ်စလုံးမှာ လုံခြုံရေးအရ ကျင်းပနိုင်ခြေ ရှိ မရှိ စဉ်းစားကြည့်မယ်ဆိုရင် လက်ရှိ စစ်ကော်မရှင်က စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းထားတဲ့ မြို့နယ် ၆၃ မြို့နယ်မှာ ပါမပါ ပြန်ကြည့်ရပါမယ်။ ရွေးကောက်ပွဲ အပိုင်း (၃) မှာ ချင်းပြည်နယ် ထဲကဆိုရင် ထန်တလန်၊ ဖလမ်း၊ တွန်းဇန် ၃ မြို့နယ်စလုံးမှာ စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းထားပြီး ဖလမ်းမြို့နယ်ကတော့ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်ဖြစ်ပါတယ်။ အဲဒီမြို့နယ်တွေ အားလုံးကိုလည်း ဇန်နဝါရီလကုန်ထိ စစ်အုပ်ချုပ် ရေးပြဋ္ဌာန်းထားတာဖြစ်ပါတယ်” ဟု Data For Myanamr ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အောက်တိုဘာလ ၂၉ ရက် တီးတိန်မြို့မှ သိုင်းငင်းသို့ အင်အား ၄၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးသော စစ်ကော်မရှင်တပ်သည် ချင်းပူးပေါင်းတပ်များနှင့် နေ့စဉ်နီးပါး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီးနောက် နိုဝင်ဘာလ ၉ ရက်တွင် ကလေး – တီးတိန်- ဖလမ်းလမ်းမပေါ်ရှိ သိုင်းငင်းနှင့် ကနေဒီတောင်စစ်စခန်းကို ပြန်လည်းထိန်းချုပ်ခဲ့သည်ဟု သိရသည်။
ဝေဘူလမြို့မှ ချင်းတောင်ပေါ် တက်လာသော အင်အား ၂၀၀ ခန့်ရှိ စစ်ကော်မရှင် စစ်ကြောင်းသည် ဗားတံတားအနီး ရောက်ရှိနေပြီးဖြစ်ကာ ဖလမ်းမြို့နှင့် နီးကပ်နေပြီးဖြစ်ကြောင်း၊ ယင်းစစ်ကြောင်းနှင့်အတူ ဒရုန်းတပ်ဖွဲ့လည်း ပါဝင်ကြောင်း သိရသည်။
ကလေးမှ သိုင်းငင်းတို့ တက်လာသော စစ်ကော်မရှင် စစ်ကြောင်းသည်လည်း ချင်းပူးပေါင်းတပ်နှင့် တိုက်ပွဲတွင် အထိနာပြီး မွာလ်ပီးရွာတွင် ရပ်တန့်ထားရာမှ စစ်ရေးပြင်ဆင်နေကြောင်း သိရသည်။
ယင်းစစ်ကော်မရှင် စစ်ကြောင်းများသည် ချင်းညီနောင်တပ်ဖွဲ့ ထိန်းချုပ်ထားသော ဖလမ်းမြို့ကို ဦးတည်နိုင်ကြောင်း စစ်ရေး သတင်းရင်းမြစ်များက ပြောသည်။
စစ်ကော်မရှင်၏ ချင်းမြောက်ပိုင်းရှိ ထန်တလန်၊ ဖလမ်း၊ တွန်းဇန်မြို့တွင် ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေး စစ်ရေးထိုးစစ်ဆင်နေမှုကို ချင်းကာကွယ်ရေးတပ်များက ညီညီညွတ်ညွတ်ဖြင့် အချိန်မီ ခုခံကာကွယ်နိုင်ပါက ရွေးကောက်ပွဲကို တားဆီးနိုင်မည်ဖြစ်ပြီး ယင်း သို့မဟုတ်ပါက ရွေးကောက်ပွဲကို ခွင့်ပြုပေးရနိုင်သည်ဟု သုံးသပ်မှုများလည်းရှိနေသည်။
ချင်းတော်လှန်ရေးအင်အားစုများသည် စစ်ကော်မရှင်၏ ရွေးကောက်ပွဲများကို ချင်းပြည်နယ်တွင် ကျင်းပနိုင်ခြင်း မရှိစေရန် တားဆီး သွားမည်ဖြစ်ပြီး ပူးပေါင်းပါဝင်သူများကို ထောင်ဒဏ်၊ ငွေဒဏ်များ ချမှတ်သွားမည့်အပြင် ပိုင်ဆိုင်မှုများ သိမ်းဆည်းမည်ဟု ထုတ်ပြန်သည်။

