စစ်သုံ့ပန်း ၁ ဦးနှင့် လက်နက်ငယ် ၃၀ ကျော် သိမ်းဆည်းရမိဟုဆို
(006SV)
ချင်းပြည်မြောက်ပိုင်း ဖလမ်းမြို့ကို ဦးတည်စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်တပ်နှင့် ချင်းပူးပေါင်းတပ်တို့ ယမန်နေ့က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားရာ စစ်ကော်မရှင်တပ်က ထိခိုက်ကျဆုံးမှု များပြားပြီး လက်နက် ၃၀ ကျော် သိမ်းဆည်းရမိသည်ဟု ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ဒီဇင်ဘာလ ၁၁ ရက်က မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖလမ်းမြို့နယ်၊ Sumhrang ကျေးရွာအနီးတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကော်မရှင်မှ ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် ကျဆုံးမှု အများအပြားတွင် စစ်အရာရှိများ ပါဝင်နေသည်ဟု ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးတာဝန်ခံ Salai Nai John Kim က ပြောသည်။
“မနေ့က Sumhrang ရွာအနီးမှာ အဓိက တိုက်ပွဲ ဖြစ်နေတာဖြစ်တယ်။ စကစ သေဆုံးမှုက တော်တော် များတယ်။ အတိအကျတော့ ကျနော်တို့ ခန့်မှန်းလို့ မရပေမယ့် တချို့ ဒဏ်ရာရတဲ့ အရာရှိတွေဆိုရင် သူတို့ ပြန်ဆွဲခေါ်ရတာတွေ ရှိတယ်။ တချို့ကို အလောင်းတွေ ရရှိတာလည်း ရှိပါတယ်။ တော်တော်လေ သေဆုံးတာတွေ၊ ဒဏ်ရာရတာတွေ များတယ်။ သူတို့ ပြန်ဆုတ်သွားတယ်။ လက်နက်ခဲယမ်းက ၃၀ ကျော်လောက်ရရှိတယ်” ဟု Salai Nai John Kim က ပြောသည်။
စစ်ကော်မရှင်တပ်မ ၇၇ မှ တပ်ဖွဲ့ဝင် ၁ ဦးကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိကြောင်း၊ ငါးကြင်းမြှီး၊ စနိုက်ပါအပါအဝင် လက်နက်ငယ် ၃၀ ကျော်၊ ဒရုန်း နှင့် လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိသည်ဟု သိရသည်။
တိုက်ပွဲတွင် စစ်ကော်မရှင်တပ်သည် အထိနာခဲ့ပြီး Y 12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၅၆ လုံး ကြဲချတိုက်ခိုက်သကဲ့သို့ ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၈ လုံး ကြဲချကာ ပစ်ကူပေးခဲ့သည်ဟု သိရသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦး သို့မဟုတ် ၂၀ ဦး သေဆုံးသည်ဟု သတင်းဌာနတချို့တွင် ရေးသားထားသော်လည်း ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးတာဝန်ခံကတော့ သေဆုံးမှုအရေအတွက် အတိအကျ ပြောရန် ခက်ခဲကြောင်း ပြောသည်။
အောက်တိုဘာလကုန်ပိုင်းမှ စတင်၍ ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့ကို စစ်ကော်မရှင်တပ်သည် တီးတိန်၊ ကလေး၊ ဝေဘူလမြို့တို့မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး ချင်းတော်လှန်ရေး တပ်ဖွဲ့များနှင့် မဟာမိတ်ပူးပေါင်းတပ်များက ပူးပေါင်းခုခံလျက်ရှိသည်။
ဖလမ်း – ဝေဘူလမြို့အကြားနှင့် တီးတိန် – ခိုင်ကမ်းမြို့အကြားရှိ တိုက်ပွဲများတွင် ချင်းပြည်အစိုးရ၏ စစ်ကြောင်း ၂ သည် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သော ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ၊ PDF – Zoland တို့အပြင် Kalay Revolution Force (KRF) နှင့် ပူးပေါင်း၍ စစ်ကော်မရှင်တပ်ကို တိုက်ခိုက်နေသည်ဟု သိရသည်။

