(004SS)
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဟားလ်တာ (Halta) ကျေးရွာတွင် စစ်ကော်မရှင်တပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ဖခင်ဖြစ်သူမှာလည်း ယနေ့မွန်းလွဲပိုင်းတွင် ထပ်မံသေဆုံးသွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွါးခြင်းတစ်စုံတစ်ရာ မရှိဘဲ အရပ်သားပြည်သူများ နေထိုင်သည့် ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခြင်းဖြစ်ပြီး တစ်ရက်တည်းတွင် မိသားစုဝင် ၄ ဦး အသက်ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။
” လေကြောင်းဗုံးကြဲခံရလို့ သားအမိ သေဆုံးတယ်လို့ ပြောတဲ့ဟာ အခုမကြာသေးခင်က ဖခင် ဖြစ်သူလဲ ဆုံးပါး သွားခဲ့ရပြန်ပြီ။ တစ်ရက်တည်းမှာ မိသားစု တစ်ခုလုံး ဆုံးပါးသွားတာ မခံစားနိုင်ဘူး။ ဖခင်ဖြစ်သူကတော့ ဆေးရုံပို့တဲ့ လမ်းမှာ ဆုံးသွားရရှာတာ ” ဟု နီးစပ်သူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၄ ရက် ညသန်းခေါင်ယံအချိန် ၁၂ နာရီဝန်းကျင်တွင် ဟားလ်တာကျေးရွာရှိ နေအိမ်တစ်လုံးပေါ်သို့ ဗုံးသီကျရောက်ကျရောက်ပေါက်ကွဲကာ မိခင်ဖြစ်သူ ဒေါ်ထာသုမ်နှင့် သားဖြစ်သူ ၂ ဦး တို့မှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့သည်။
ထို့နောက် ဖခင်ဖြစ်သူမှာလည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီးနောက် ယနေ့မွန်းလွဲပိုင်းအချိန်တွင် ထပ်မံသေဆုံးသွားခဲ့ ခြင်းဖြစ်သည်။
ဟားလ်တာကျေးရွာ ဗုံးကြဲခံရမှုတွင် သေဆုံးသွားသူများမှာ မိခင်ဖြစ်သူ အသက် ၃၈ နှစ်ရှိ ဒေါ် ထာသုမ်၊ အသက် ၆ နှစ်ရှိ သမီးဖြစ်သူ မဒေလီ ဇိန်ထား၊ အသက် ၃ နှစ်ရှိ သားဖြစ်သူ ဗစ်တာ ဗန်ထောင်မှုန်နှင့် ထပ်မံသေဆုံးသွားသည့် ဖခင် ဖြစ်သူ အသက် ၃၅ နှစ်ရှိ ဦး ဆန်အွေးတို့ ဖြစ်ကြသည်။
သေဆုံးသွားသူ ဦး ဆန်အွေးနှင့် ဒေါ်ထာသုမ်က သားသမီး ၅ ဦးရှိသည်အနက် ၂ ဦး သေဆုံးကာ နောက်ထပ် ၈ နှစ်အရွယ် သမီးဖြစ်သူ မ မေရီ ဗန်ပါရ်မွေးသည်လည်း ခြေ နှစ်ဘက်နှင့် လက်တစ်ဘက်တွင် ထိခိုက်ဒါဏ်ရာရရှိကာ လက်ရှိတွင် ဟားခါးဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
ထို့အပြင် အခြားမိသားစုဝင်များဖြစ်ကြသော အသက် ၂၉ နှစ်ရှိ ကိုယ်ဆောင်အမျိုးသမီး ၁ ဦး၊ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦးနှင့် အသက် ၃၀ ရှိ အမျိုးသား ၁ ဦးတို့သည်လည်း အသီးသီး ဒါဏ်ရာရရှိကြသည်ဟု ဖြစ်စဉ် သိရှိသူ အမျိုးသားတစ်ဦးထံမှ သိရပြီး အသက်အန္တရယ် မစိုးရိမ်ရကြောင်းလည်း သိရသည်။
ဟားလ်တာကျေးရွာသည် အိမ်ခြေ ၈၀ ခန့်ရှိပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း လေကြောင်းတိုက်ခိုက်မှုဒဏ်ကို ခံခဲ့ရကာ ဒေသခံ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ဖူးသည့် ကျေးရွာတစ်ရွာဖြစ်ပြီး ဂန်ဂေါမြို့နယ် တောင်ခရမ်းအနီး တွင်တည်ရှိသည်။

