(004SS)
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ခူမီးချင်းအမျိုးသမီးငယ် ၆ ဦးကို အာရက္ခတပ် ULA/AA မှ ဖမ်းဆီးကာ ၎င်းတို့အနက် ၅ ဦးမှာ ထွက်ပြေးလွတ်မြောက်လာကြပြီး ကျန် ၁ ဦးမှာ ယနေ့တိုင် ဖမ်းဆီးခံထားရဆဲဟု လွတ်မြောက်လာသူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့က ပလက်ဝမြို့နယ် ကျေးရွာ ၄ ရွာမှ လူငယ်အမျိုးသမီး ၆ ဦးသည် ရန်ကုန်သို့ သွားရောက်ရန် ပလက်ဝမြို့ ရိက္ခာရပ်ကွက်နေ ဦးအောင်လင်းနှင့် ဦးလင်းဆန်းအောင်တို့က တစ်ဦးလျှင် ငွေကျပ် ၂ သိန်းစီဖြင့် တာဝန်ယူပို့ဆောင်ပေးခဲ့ရာမှာ မတူပီမြို့နယ်အစပ်ရှိ ULA/AA ဂိတ်တစ်ခုအရောက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဟု သိရသည်။
ဖမ်းဆီးခံခဲ့ရသူများမှာ ကျီးလေရွာမှ မရွှေခင် (၁၆ နှစ်)၊ မဝင်းပ (၂၁ နှစ်)၊ မခင်မင်ဦး (၁၇ နှစ်)၊ ကြွေသောင်ရွာမှ မကိုးဝင်း (၂၂ နှစ်)၊ ကင်လွဲ့ရွာမှ မနန်းလုံး (၁၇ နှစ်) နှင့် အဘောင်သားရွာမှ မဟန်နာ (၂၂ နှစ်) တို့ ဖြစ်ကြသည်။
ထိုသို့ ဖမ်းဆီးခံရခြင်းမှာ အရက္ခတပ်တော် AA တပ်ဖွဲ့တွင် စစ်မှုထမ်းဆောင်ရန် ဖမ်းဆီးခံရခြင်းဟု သိရသည်။
ဖမ်းဆီးခံရသူ ၆ ဦးအနက် ၅ ဦးမှာ AA တပ်စခန်းတနေရာမှ တောလမ်းအတိုင်း ထွက်ပြေးလာကြပြီး လမ်းတွင် ၂ ရက် ထမင်းငတ်ခဲ့ရကြောင်း၊ လက်ရှိမှာ မိသားစုနဲ့အတူ လွတ်မြောက်နယ်မြေသို့ ရောက်ရှိသွားပြီဟု သိရသည်။
သို့သော် ကျီးလေရွာမှ အသက် ၂၁ နှစ်အရွယ် မဝင်းပမှာမူ ထွက်ပြေးရန် ကြောက်ရွံ့နေခဲ့ခြင်းကြောင့် AA တပ်စခန်းတွင် ကျန်ရစ်ခဲ့ပြီး ယခုအချိန်အထိ အဆက်အသွယ်မရရှိသေးကြောင်း လွတ်မြောက်လာသူများကပြောသည်။
ပျောက်ဆုံးသွားသော သမီးငယ်များကို လိုက်လံရှာဖွေရာတွင် မိသားစုများမှာလည်း စုဆောင်းထားသည့် ငွေကြေးများစွာ ဆုံးရှုံးခဲ့ရသည့်အပြင် AA တပ်ဖွဲ့ဝင်များ၏ မောင်းထုတ်ခြင်းကိုလည်း ခံခဲ့ရသည်ဟု လွတ်မြောက်လာသူများနှင့် နီးစပ်သူများထံမှ သိရသည်။
“ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရွှေပြည်မှာ အဖမ်းခံရသူ ၆ ယောက်ရောက်လာတယ်လို့ သတင်းကြားလို့ မိဘတွေက လိုက်သွားခဲ့တယ်။ AAတပ်သား ဂိတ်စောင့်တွေက ရခိုင်ပြည်နယ်က လူတွေပဲရှိတယ် မင်းတို့ရှာတဲ့လူတွေ ဒီမှာမရှိဘူးဆိုပြီး အော်ငေါက်ပြီး မောင်းထုတ်တယ်။ သူတို့ ၂ ရက်နေပြီး ပြန်လှည့်လာခဲ့တယ်။ မတူပီဘက်လိုက်ရှာလိုက် ရခိုင်ပြည်နယ် ဘက်လိုက်ရှာနဲ့ ဒီနှစ် နမ်းရောင်းလို့ရတဲ့ ငွေသိန်း ၃၀ ကျော်က တပြားမှမကျန်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ့်သားသမီးကို ပြန်တွေ့မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပဲလေ။ စားမဝင်အိပ်မပျော်ဖြစ်ခဲ့တယ်။ အခုလို လူမျိုးမတူလည်း ဖမ်းတယ်ဆိုတော့ လွန်တာပေါ့နော်။ ဟိုကလည်း ဖမ်း ဒီကလည်း ဖမ်း ဆိုတော့ ပြည်သူတွေ ဘယ်နားသွားနေရမှာလဲ ပြည်သူကို ဒုက္ခ သောကပေးတဲ့တပ်က ပြည်သူကို ကိုးစားပြုတဲ့တပ်မဟုတ်နိုင်ဘူး။” ဟု ထွက်ပြေးလွတ်မြောက်လာသူများနှင့် နီးစပ်သူအမျိုးသမီးတစ်ဦး ကပြောသည်။
ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် ULA/AA က ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် သိမ်းပိုက်ခဲ့ပြီးနောက် ၂၀၂၅ ဩဂုတ်လတွင် ရခိုင်ပြည်နယ်၏ ၈ ခုမြောက်ခရိုင်အဖြစ် ထည့်သွင်း သတ်မှတ်ကာ အုပ်ချုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်လျက်ရှိ သည်။
ထို့နောက် ULA/AA သည် ကျေးရွာအလိုက် အိမ်ထောင်စုစာရင်းများ လိုက်လံ စစ်ဆေးပြီးနောက် အသက် ၁၈ နှစ်မှ ၃၀ နှစ်ရှိအမျိုးသမီးများ၊ အသက် ၁၈ နှစ်မှ ၄၅ နှစ်ရှိ အမျိုးသားများကို စစ်မှုထမ်းရန် ဖမ်းဆီးမှုများ ပြုလုပ်လာခဲ့သည်။
ထိုကဲ့သို့ တပ်သားစုဆောင်းမှုများကြောင့် ပလက်ဝမြို့နယ်အတွင်းရှိ လူငယ်များမှာ မီဇိရမ်ပြည်နယ်၊ ဟားခါးမြို့၊ ရန်ကုန်မြို့စသည်ဖြင့် လွတ်မြောက်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းသိရသည်။

