(006SV)
ဩစတြေးလျနိုင်ငံ အထက်လွှတ်တော် (ဆီနိတ်) ၏ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ကော်မတီထံသို့ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ တိုးမြှင်ပေးရန်အပါအဝင် အချက် ၅ ချက်ကို ချင်းလူအခွင့်အရေးအဖွဲ့ (CHRO) က တောင်းဆိုလိုက်ကြောင်း သိရသည်။
ဩစတြေးလျနိုင်ငံအနေဖြင့် စစ်ကော်မရှင်၏ တရားမဝင်ရွေးကောက်ပွဲနှင့် ၎င်း၏ လုပ်ငန်းစဉ်များကို အသိအမှတ်မပြု၊ ငြင်းပယ်ရန်၊ အရပ်သားများကို တိုက်ခိုက်ရာမှာ အသုံးပြုနေသော လေယာဉ်ဆီများကို ကန့်သတ် တားမြစ်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း၍ အစီအမံများ လုပ်ဆောင်ရန်နှင့် နယ်စပ်ဖြတ်ကျော် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ တိုးမြှင့်ပေးရန်တို့ကို ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၊ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်းက တောင်းဆိုခြင်းဖြစ်သည်။
အာဏာသိမ်းစစ်ကော်မရှင်က ကျူးလွန်ထားသော နိုင်ငံတကာ ရာဇဝတ်မှုများကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံး (ICC) သို့ လွှဲပြောင်းပေးနိုင်ရေး တိုက်တွန်းအားပေးရန်နှင့် စစ်အုပ်စုကို ဥပဒေကြောင်းအရ တာဝန်ခံမှု ရှိစေမည့် ကြိုးပမ်းမှုများကို ကူညီထောက်ပံ့ပေးရန်တို့ကိုလည်း တောင်းဆိုသည်ဟု သိရသည်။
“ဩစတြေးလျရဲ့ ရပ်တည်ချက်က အရေးကြီးပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေး ကိစ္စသက်သက် မဟုတ်ပါဘူး။ ဒါဟာ ကျနော်တို့ ဒေသတွင်းမှာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်တာဟာ ပုံမှန်ကိစ္စ တစ်ခု ဖြစ်လာမလားဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ လူ့အသိုင်းအဝိုင်းအတွက် ဒါက မူဝါဒဆိုင်ရာ ဆွေးနွေးငြင်းခုံမှုတစ်ခု မဟုတ်ဘူး။ ကျနော်တို့ ဂုဏ်သိက္ခာရှိရှိ ဆက်လက်ရှင်သန်နိုင်မလား ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်” ဟု (CHRO) ၊ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်းက ပြောသည်။
မတ်လ ၃ ရက်က ဩစတြေးလျနိုင်င်ငံ၊ Canberra မြို့တွင် အထက်လွှတ်တော်ဆီနိတ်၏ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ကော်မတီထံ မြန်မာ့ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှု နှင့်ပတ်သက်၍ CHRO မှ တင်ပြပြောဆိုခဲ့ရာမှာ ယင်းသို့ တောင်းဆိုခြင်းဖြစ်သည်ဟု သိရသည်။
ဩစတြေးလျနိုင်ငံ အထက်လွှတ်တော်၏ အဆိုပါ ကော်မတီထံ တင်သွင်းထွက်ဆိုခဲ့ရာတွင် ချင်းပြည်သူ လူဦးရေ၏ ထက်ဝက်နီးပါးသည် စစ်ဘေးရှောင်နေရပြီး စစ်ကော်မရှင်တပ်သည် ချင်းလူမှုအသိုင်းအဝိုင်းကို အစုလိုက်အပြုံလိုက် အပြစ်ပေးခြင်းကိုလည်း လုပ်ဆောင်နေသည်ဟု ဆလိုင်းဇအုပ်လိန်းက ပြောသည်။
“ဒီနေ့မှာတော့ ချင်းပြည်နယ် လူဦးရေရဲ့ ထက်ဝက်နီးပါးဟာ စစ်ဘေးရှောင်နေကြရပါတယ်။ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ အရပ်သားတွေကို သတ်ဖြတ်တာ၊ မတရားဖမ်းဆီးတာနဲ့ ဘာသာရေးအဆောက်အအုံ ၁၄၀ ကျော်ကို ဖျက်ဆီးတာတွေကို ကျနော်တို့ မှတ်တမ်းတင်ထားပါတယ်။ ချင်းပြည်နယ်ဟာ ခရစ်ယာန်ဘာသာဝင် အများစုနေထိုင်တဲ့ ဒေသဖြစ်ပြီး ဘုရားကျောင်းတွေကို ဖျက်ဆီးတာဟာ လူ့အသိုင်းအဝိုင်းရဲ့ ဝိသေသလက္ခဏာကို ထိခိုက်စေကာ အစုလိုက်အပြုံလိုက် အပြစ်ပေးခြင်း (collective punishment) ကို ထင်ဟပ်စေပါတယ်” ဟု CHRO အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်းက ပြောသည်။
မြန်မာနိုင်ငံမှာ ကျင်းပခဲ့သော စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် ဒီမိုကရေစီနည်းကျ ယုံကြည်စိတ်ချရမှု မရှိကြောင်း၊ ၂၀၂၀ ရွေးကောက်တွင် ချင်းပြည်နယ်ရှိ ၉ မြို့နယ်ထဲ ၈ မြို့နယ်မှာ မဲပေးနိုင်ခဲ့ပြီး ၂၀၂၅ စစ်ကော်မရှင် ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၏ ၂ မြို့မှာသာ ကျင်းပနိုင်ခဲ့ကြောင်း၊ ဟားခါးမြို့တွင် မဲပေးသူ ဦးရေသည် ၇၂ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး ဗုံးဒဏ်ကနေ ပုန်းရှောင်နေရသော ချင်းပြည်သူများမှာ လွတ်လပ်စွာ မဲမပေးနိုင်ခဲ့ကြောင်း ဆလိုင်းဇအုပ်လိန်းက ပြောကြားခဲ့သည်။
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) သည် မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှာ ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို နှစ်ပေါင်း ၃၀ ကျော် မှတ်တမ်းတင်လာသော အဖွဲ့အစည်းဖြစ်ပြီး ကုလသမဂ္ဂ (UN) တွင် အထူးအကြံပေးအဆင့် (Special Consultative Status) ရရှိထားသည်ဟု သိရသည်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် မြန်မာစစ်တပ် ထိပ်ပိုင်းစစ်ခေါင်းဆောင် ၁၄ ဦးကို ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်သည့် တီမော လက်စ်တေနိုင်ငံမှာ တရားလိုပြုလုပ်၍ တရားစွဲဆိုထားသည်ဟု သိရသည်။
ဓါတ်ပုံ – CHRO

