(006SV)
ချင်း၊ ကချင်၊ ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများကို တိုင်း/ ဖက်ဒရယ်ယူနစ်နယ်မြေများကို ဖြတ်သန်း ယူဆောင်မည်ဆိုပါက မဟာမိတ်အဖွဲ့အစည်းများအနေဖြင့် NUG အစိုးရ၏ ဖြတ်သန်းခွင့် ပါမှသာ ဖြတ်သန်း သယ်ဆောင်ခွင့်ပြုမည်ဟု သိရသည်။
မိမိတို့ ထိန်းချုပ်နယ်မြေအတွင်းသို့ ဆီအမျိုးမျိုးကို အဝင်သာခွင့်ပြုပြီး အထွက်လုံးဝ ထွက်ခွင့်မပြုရန် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ဒုဥက္ကဌ ၁ ဦးလွင်ကိုလတ် က မတ်လ ၆ ရက် နေ့စွဲဖြင့် လျှို့ဝှက်အမိန့် ညွှန်ကြားချက်အရ သိရသည်။
“ဒီကိစ္စက အဓိက အားဖြင့် အကြမ်းဖက်စစ်တပ်ဘက်ကို လေယာဉ်ဆီတွေ၊ စက်သုံးဆီတွေ ရောက်ရှိမှာ စိုးတဲ့အတွက် ကျနော်တို့ ကြပ်မတ်ရခြင်းဖြစ်ပါတယ်။ ကျနော်တို့ မဟာမိတ်တွေနဲ့ပတ်သက်တဲ့ သယ်ယူပို့ဆောင်မှုတွေ၊ နောက်ပြီး တော့ ပြည်သူတွေ အသုံးပြုဖို့အတွက် သယ်ယူပို့ဆောင်မှုတွေဖြစ်တယ်ဆိုတာ သေချာတယ်ဆိုရင် သက်ဆိုင်ရာဝန်ကြီး ဌာနနဲ့ ညှိနှိုင်းပြီးတော့ ဖြတ်သန်းသယ်ဆောင်ခွင့်ပြုမှာဖြစ်ပါတယ်” ဟု NUG အစိုးရ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများကို မိမိတို့ တိုင်း/ ဖက်ဒရယ်ယူနစ် နယ်မြေ များကို ဖြတ်သန်းသယ်ဆောင်မည်ဆိုပါက မဟာမိတ်အဖွဲ့အစည်းများမှ NUG အစိုးရနှင့် ညှိနှိုင်းပြီး ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန ဖြတ်သန်းခွင့် ပါမှသာလျှင် ဖြတ်သန်းခွင့်ပြုရမည်ဟု သိရသည်။
NUG အစိုးရ ထိန်းချုပ်နယ်မြေများတွင် သက်ဆိုင်ရာ တိုင်း/ ဖက်ဒရယ်ယူနစ်အတွင်းသို့ စက်သုံးဆီ အဝင်ကိုသာ ခွင့်ပြုပြီး တိုင်း/ ဖက်ဒရယ်ယူနစ် ဖြတ်ကျော် ဖြတ်သန်းမှုများကို နောက်ထပ်ညွှန်ကြားချက် မထွက်ချိန်အထိ လုံးဝ ခွင့်မပြုရန် ညွှန်းကြားထားကြောင်း သိရသည်။
အဆိုပါ မူဝါဒလမ်းညွန်ချက်ကို မတ်လ ၆ ရက်မှ စတင်၍ မြို့နယ် အခွန်ဒဏ်ကြေးကောက်ခံသည့် ဂိတ်များအနေဖြင့် တိတိကျကျ လိုက်နာပြီး အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဟု ထုတ်ပြန်ထားသည်။
NUG အစိုးရ ဝန်ကြီးဌာနများအနေဖြင့် အဆိုပါလမ်းညွှန်ချက် အကောင်အထည်ဖော်ရေးအတွက် မိမိတို့နှင့် သက်ဆိုင်သော ဌာနအဖွဲ့အစည်းများသို့ လိုအပ်သော ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်ရမည်ဟု သိရသည်။
ချင်းပြည်နယ်တောင်ပိုင်းဒေသများတွင် စက်သုံဆီဈေးနှုန်းများသည် လက်ရှိမှာ ယခင်ကထက် သုံးထောင်နီးပါး ဈေးတက်လာပြီး ဓါတ်ဆီ ၁ လီတာကို ကျပ်တစ်သောင်းဝန်းကျင် ပေးဝယ်နေရကြောင်း သိရသသည်။
လက်နက်ကိုင်တော်လှန်ရေးအားကောင်းသည့် ချင်းပြည်နယ်တွင် ဟားခါး၊ တီးတိန်၊ ထန်တလန်မြို့ပေါ်ကိုသာ ထိန်းချုပ်ထားနိုင်သော စစ်ကော်မရှင်သည် ကျန်ဒေသ၊ မြို့ရွာများကို အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါး၊ ကုန်စည်နှင့် လောင်စာဆီများအပါအဝင် ကန့်သတ်ပိတ်ဆို့ထားမှုကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်၊ ရှားပါးကြောင်း သိရသည်။
လက်ရှိမှာ အီရန်စစ်ပွဲကြောင်း အရှေ့အလယ်ပိုင်းမှ နိုင်ငံတကာသို့ ရေနံတင်သွင်းမှု ရပ်ဆိုင်းနေသဖြင့် နိုင်ငံအသီးသီးတွင် စက်သုံးဆီများနှင့်ပတ်သက်၍ အကြပ်အတည်း ဖြစ်ပေါ်နေသောကြောင့် ပြည်သူလူထုအတွက် နိုင်ငံတော်အဆင့်မှ မူဝါဒ ချမှတ်ပြီး ထိန်းကျောင်း နေကြရချိန်ဖြစ်သည်ဟု သိရသည်။

