အရှိုချင်းများ အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး ကူညီပေးမှု၊ မဟာမိတ်ပီသမှုများကို ကျေးဇူးတင်ဟု ACDF ဆို
(006SV)
ချင်းပြည်သူလူထုနှင့် အာရက္ခဒေသပြည်သူလူထု၏ အကျိုးစီးပွားတို့ကို အပြန်အလှန်ကာကွယ်စောင့်ရှောက်ပြီး အာရက္ခတပ်တော် (ULA/AA) နှင့်အတူ ရေရှည်လက်တွဲ ဆောင်ရွက်သွားမည်ဟု ချင်းညီနောင်အဖွဲ့ (CB)နှင့် ချင်းပြည်သူ့တပ်မတော် (CPU/ CPA) က ကြေညာသည်။
ယနေ့ ဧပြီလ ၁၀ ရက်တွင် ကျရောက်သော ၁၇ နှစ်မြောက် အာရက္ခတပ်တော် (ULA/AA) နေ့သို့ ပေးပို့သော ချင်းညီနောင် (CB) အဖွဲ့နှင့် ချင်းပြည်သူ့တပ်မတော် (CPU/ CPA) တို့၏ ဂုဏ်ပြုသဝဏ်လွှာများတွင် အသိပေး ထုတ်ပြန်သည်။
အာရက္ခတပ်တော်သည် ချင်းညီနောင်အဖွဲ့ကို အိမ်နီးချင်းကောင်းပီသစွာ မဟာမိတ် စိတ်ဓါတ်အပြည့်ဖြင့် လေ့ကျင့်သင်တန်း ပေးခြင်း၊ လက်နက်ခဲယမ်း တပ်ဆင်ပေးခြင်း၊ နိုင်ငံရေးအရ ကူညီလက်တွဲ ဆွဲခေါ်ခြင်း၊ အကူအညီများ ပေးအပ်ခြင်းတို့အတွက် ကျေးဇူးအထူးတင်သည်ဟု ချင်းညီနောင်က ထုတ်ပြန်သည်။
ချင်းပြည်သူလူထု၏ အကျိုးစီးပွားနှင့် အာရက္ခဒေသရှိ ပြည်သူလူထု၏ အကျိုးစီးပွားတို့ကို အပြန်အလှန် ကာကွယ်စောင့်ရှောက်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ အမျိုးသားတန်းတူးရေးနှင့် မိမိကံကြမ္မာ မိမိဖန်တီးခွင့် ရရှိသည်အထိ အာရက္ခတပ်တော်နှင့် အတူ ရေရှည်လက်တွဲ ရှေ့ဆက်သွားမည်ဟု CB နှင့် CPA တို့၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
“အာရက္ခတပ်တော်၏ ကြီးမားသော စစ်ရေးအောင်မြင်မှုသည် အဖိနှိပ်ခံ ပြည်သူများအတွက် စိတ်ဓါတ်ခွန်အားများ ပြန်လည်မွေး ဖွားပေးနိုင်ပြီး မြန်မာပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တနေသော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမို ကရေစီ စနစ် ထွန်းကားနိုင်ရေးအတွက် အခြေခံအုပ်မြစ်ဖြစ်ပါသည်” ဟု ချင်းညီနောင်က ဆိုသည်။
CPU/ CPA ကိုလည်း ULA/ AA သည် အိမ်းနီးချင်းကောင်း ပီသစွာ မဟာမိတ် သွေးချင်းစိတ်ဓါတ်အပြည့်ဖြင့် လေ့ကျင့်သင်းတန်း ပေးခြင်း၊ လက်နက်ခဲယမ်း တပ်ဆင်ပေးခြင်း၊ မြေပြင်တိုက်ပွဲများတွင် ဦးဆောင်ခြင်း၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေး၊ အကူအညီများ ပေးခြင်းတို့အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
အာရက္ခတပ်တော်က MTC/ MDF ကို ပံ့ပိုးကူညီမှုများစွာအတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ နောင်အနာဂါတ်တွင်လည်း နှစ်ဖွဲ့အကြား မဟာမိတ်ထက်ပိုသော ဆက်ဆံရေးများ ပိုမိုခိုင်မာ တိုးတက်လာပြီး ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် လာမည်ဟု ယုံကြည်ပါကြောင်း မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MTC/ MDF) ၏ ULA/ AA ထံပေးပို့သော သဝဏ်လွှာတွင် ထုတ်ပြန်အသိပေးသည်။
အရှိုအမျိုးသားများ အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး၊ တန်းတူရရှိရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးတို့ကို ကြိုးပမ်းရာ၌ အဖက် ဖက်မှ ကူညီပံ့ပိုးပေးခဲ့သည့် အာရက္ခတပ်တော် (ULA/ AA) ၏ မဟာမိတ်ပီသမှု၊ ဦးဆောင်လမ်းပြမှုများကို အထူးပင် ကျေးဇူးတင်ရှိ ပါကြောင်း အရှိုချင်းကာကွယ်ရေးတပ် (ACDF) ၏ ULA/ AA ထံ ပေးပို့သော သဝဏ်လွှာမှာ အသိပေးထုတ်ပြန်သည်။
ULA/ AA ၏ စစ်ရေး၊ နိုင်ငံရေးကို ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ခြင်းကြောင့် အောင်ပွဲအလီလီ ဆွတ်ခူးနိုင်ခဲ့ပြီး နိုင်ငံတဝန်းရှိ တခြားတော်လှန်ရေး အင်အားစုများ၏ လေးစားအားကျခြင်းကို ရရှိသည့်အဖွဲ့အစည်းအဖြစ် ရပ်တည်နေနိုင်ခြင်းဖြစ်သည်ဟု သိရသည်။

