ချင်းညီနောင်ကို အင်အားကြီး တပ်တစ်ခုဖြစ်အောင် တည်ဆောက်ရန် ကြိုးစားနေဟု ဆို
(006SV)
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော PDF – Zoland စစ်ဦးစီးချုပ် Gideon သည် ချင်းညီနောင် (CB) အဖွဲ့၏ စစ်ဦးစီးချုပ်အသစ် ဖြစ်လာကြောင်း သိရသည်။
လွန်ခဲ့သည့် ၂ နှစ်က ချင်းညီနောင်ကို စတင်ဖွဲ့စည်းစဉ် CDF – Mindat စစ်ဦးစီးချုပ် ထန်းချွန်ဖေက ချင်းညီနောင် စစ်ဦးစီး ချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ယခုနှစ် ဇန်နဝါရီလမှ စတင်၍ PDF – Zoland စစ်ဦးစီးချုပ်ထံသို့ ချင်းညီနောင်အဖွဲ့ဝင် စီမံအုပ်ချုပ် မှုအစုအဖွဲ့၏ သဘောတူဆုံးဖြတ်ချက်ဖြင့် လွှဲပြောင်းခြင်းဖြစ်သည် ဟု သိရသည်။
“တာဝန်အပြောင်းအလဲက အရင်က CB စစ်ဦးစီးချုပ်ဆီကနေ ချင်းညီနောင်အုပ်ချုပ်မှုအစုအဖွဲ့ကနေ ဆုံဖြတ်ချက်အရ တာဝန်ယူ ရခြင်းဖြစ်တယ်။ ၂၀၂၆ ဇန်နဝါရီလပိုင်းမှာ စတင်တာဝန်ထမ်းဆောင်တာဖြစ်တယ်။ ချင်းညီနောင်မှာက စစ်ရေးကော်မတီ ရှိတယ်။ စစ်ရေးကော်မတီကနေ ချင်းညီနောင် စစ်ရေးကို ဆွေးနွေးကြတယ်။ ဘယ်လို ပုံဖော်ကြမလဲပေါ့၊ ၊ အထူးသဖြင့် ချင်းညီနောင်က စစ်ရေးပိုင်းမှာ ပိုအားကောင်းအောင် တည်ဆောက်တယ်။ မဟာမိတ်ကဏ္ဍ၊ ပြီးရင် တပ်ဘက်ပိုင်းမှာ တည်ဆောက်ရေးကို ကြိုးစားနေတယ်” ဟု CB စစ်ဦးစီးချုပ်အသစ် Gideon က ပြောသည်။
မေလ ၄ ရက်က အွန်လိုင်းမှတဆင့် ပြုလုပ်သည့် ချင်းညီနောင်၏ မြို့သိမ်းတိုက်ပွဲများအတွက် ရန်ပုံငွေ ရှာပွဲမှာ ချင်းညီနောင် (CB) အဖွဲ့၏ စစ်ဦးစီးချုပ်အသစ် ဖြစ်လာသူ Gideon က ပြောခြင်းဖြစ်သည်။
ချင်းညီနောင်တပ်ဖွဲ့ ရည်မှန်းချက်ဖြစ်သော “အမိန့်တစ်ခု၊ ဘဏ္ဍာငွေ တစ်ခု” One Command ၊ One budget ဖြင့် သွားနိုင်ရေးကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။
လက်ရှိတွင် ချင်းညီနောင် ဘတ်တံဆိပ်ကို PDF – Zoland ၏ အပတ်စဉ် ၁၈ အခြေခံစစ်သင်တန်း ဆင်းပွဲတွင် စတင်အသုံးပြုခဲ့ပြီး အထူးသဖြင့် ချင်းညီနောင်၏ ပူးပေါင်းစစ်ဆင်ရေးများတွင် ဘတ်တံဆိပ်ကို သုံးစွဲမည်ဟု သိရသည်။
လက်ရှိ တော်လှန်ရေးကာလတွင် ချင်းညီနောင်ကို ချင်းပြည်တစ်ခုလုံး ပြည်သူလူထုက လိုအပ်သော ခိုင်မာသည့် အဖွဲ့အစည်း တစ်ခုဖြစ်အောင် ဆောင်ရွက်မည်ဖြစ်ပြီး တပ်ဖွဲ့အသီးသီးကိုလည်း ကျစ်လစ်ခိုင်မာအောင် တည်ဆောင်နေကြောင်း သိရသည်။
“အဖွဲ့အစည်းအသီးသီးက ပိုကျစ်လစ်ခိုင်မာလာရင် ချင်းညီနောင်လည်း ပိုခိုင်မာလာမယ်။ ချင်းညီနောင် ခိုင်မာလာရင် ကျနော်တို့ရဲ့ ချင်းတမျိုးသားလုံးရဲ့ လုံခြုံမှုက ပိုအာမခံချက် ရှိမယ်။ တော်လှန်ရေးကာလမှာက တပ်က မခိုင်မာဘူးဆိုရင် ကျနော်တို့ သိမ်းထားတဲ့ မြို့တွေက အာမခံချက်ရှိတဲ့ လွတ်မြောက်နယ်မြေ မဟုတ်သေးဘူး။ ကျနော်တို့ အလုံးစုံ လွတ်မြောက်သွားပြီး တပ်က ခိုင်မာပြီးဆိုရင် ကျနော်တို့ရဲ့ လွတ်မြောက်ဒေသကို ထိပါးလာမယ့် ရန်သူတွေကို ကျနော်တို့ ဘယ်လိုဆက်လုပ်မလဲဆိုတဲ့ အပိုင်းကိုလည်း ကျနော်တို့ စစ်ရေးကော်မတီအနေနဲ့ စဉ်းစားထားတာ ရှိပါတယ်။ အထူးသဖြင့် တပ်ကို အင်အား ကြီးတဲ့ တပ်တစ်ခု တည်ဆောက်ဖို့က ကြိုးစားနေပါတယ်” ဟု CB စစ်ဦးစီးချုပ်အသစ် Gideon က ပြောသည်။
လက်ရှိတွင် CDF – Mindat တပ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ထန်းချွန်ဖေသည် ချင်းညီနောင် (CB) နှင့် ကြားကာလ ချင်း အမျိုုးသားအတိုင်ပင်ခံ ကောင်စီ (ICNCC) ၏ ဥက္ကဌ ဖြစ်လာသည်ဟု သိရသည်။
ဖလမ်းမြို့သို့ ထိုးစစ်ဆင်နေသော စစ်ကော်မရှင်တပ်များကို လက်ရှိတွင် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ တပ်များနှင့် ချင်းညီနောင်တို့ ပူးပေါင်း၍ ခုခံတွန်းလှန်နေပြီး တိုက်ပွဲများ ၅ လဝန်ကျင်းကြာ ဖြစ်ပွားနေကြောင်း သိရသည်။

