Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လက်နက်ကြီး လက်တကမ်းအကွာ ဖလမ်းမြို့အနီး စစ်တပ်စစ်ကြောင်းများ ရောက်ရှိလာ

လက်နက်ကြီး လက်တကမ်းအကွာ ဖလမ်းမြို့အနီး စစ်တပ်စစ်ကြောင်းများ ရောက်ရှိလာ

0
By Editor on April 20, 2026 Headline

ဆူရ်းဘုန်လေဆိပ်သို့ အဓိက ဦးတည်ဟု CDF နှင့် စစ်ရေးရင်းမြစ်များ ဆို

(006SV)

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေး အပြင်း အထန် ထိုးစစ်ဆင်နေသည့် အာဏာသိမ်းစစ်တပ်သည် ဖလမ်းမြို့နှင့် ၁၀ မိုင်ခန့်အကွာ၊ လက်နက်ကြီး တစ်ကမ်းအမှီ ဗာရ်းတံတားအကျော်ကို ရောက်ရှိလာပြီဖြစ်သည်။

ဧပြီလ ၁၉ ရက် မနက်ပိုင်းက စစ်တပ်၏ စစ်ကြောင်းများထဲက အင်အား ၆၀၀- ၈၀၀ ရှိသော စစ်ကြောင်း တစ်ခုသည် မဏီပူရမြစ်၊ ဗာရ်းတံတားကို ကျော်လွန်၍ အထိုင်ချ၊ ထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေပြီး ယင်းမှတစ်ဆင့် ဖလမ်းမြို့နှင့် ဆူရ်ဘုန်လေဆိပ်သို့ ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။

“အဲဒီဗားရ်ကနေ ကျော်လာတဲ့ စစ်ကြောင်းက လူဦးရေ ၆၀၀ ကနေ ၈၀၀ လောက်အထိ ရှိပါတယ်။ အဲဒါကို စစ်ကြောင်း ပြန်ခွဲပြီးမှ ဖလမ်းကို၊ ခွန်လီဘက်ကနေ ရှိပြီးသား စစ်ကြောင်းနဲ့ သိုင်းငင်းကနေ ဖေဖော်ဝါရီမှာ တက်လာတဲ့ တပ်ဖွဲ့တွေက စစ်ကြောင်းတွေ ဖြန့်ခွဲပြီးမှ အခုချိန်မှာ စစ်ကြောင်းတွေ ထိုးတဲ့ဟာက ဘယ်နှစ်ဖွဲ့ တောင် ရှိမလဲဆိုတာ မပြောတတ်ဘူး။ အခုက အင်အား ၆၀၀ ကနေ ၈၀၀ ကြားရှိတဲ့ ဟာက ဖြန့်ခွဲပြီးမှ ဖလမ်းဘက်၊ ဆူရ်ဘုန်လေဆိပ်ကို ဦးတည်ပြီးမှ စစ်ကြောင်းကို ပြန်လုပ်တယ်။ အခြေ အနေက အဲလိုမျိုး ဖြစ်ပါတယ်” ဟု ဆလိုင်းတင်မီက ပြောသည်။

ဖလမ်းမြို့ကို အင်အားထောင်ချီဖြင့် ထိုးစစ်ဆင်သော စစ်တပ်သည် သိုင်းငင်း- ဖလမ်း လမ်းကြောင်း၊ ဖလမ်း – တီးတိန်း လမ်း ကြောင်းပေါ်ရှိ ရှုခင်းသာ ၊ Mualpi ၊ Hiangzing ၊ Taingen (သိုင်းငင်း) ၊ Zongkong ၊ Valung (ဗားလုံး) ၊ ထင်းရှုးစခန်း ၊ Parte ၊ Khungli (ခွန်လီ) ၊ Sumhrang (ဆွမ်ဟရန်) ၊ Webulah (ဝေဘုလ) ၊ Vaar (ဗားရ်) စသည့် နေရာများတွင် အထိုင်ချ တပ်စွဲထား သည်ဟု သိရသည်။

တချို့ကျေးရွာနှင့် နေရာများတွင် အင်အား ၂၀ မှ ၃၀ ဝန်းကျင် အထိုင်ချ တပ်စွဲထားပြီး တချို့ နေရာများတွင် အင်အား ရာချီဖြင့် ဆက်သွယ်ရေးလမ်းကြောင်းများအပါအဝင် ယင်းဒေသများကို စိုးမိုးနိုင်ရန် ခြေကုတ်ယူ တပ်စွဲထားပြီဟု သိရသည်။

တပ်များ ဖြန့်ခွဲကာ ထိုးစစ်ဆင်နေသော စစ်ကော်မရှင်တပ်များသည် ဖလမ်းမြို့အပြင် အဓိကအားဖြင့် ဆူရ်ဘုန်လေဆိပ်သို့ ဦးတည်သည်ဟု ချင်းအင်အားစုနှင့် စစ်ရေး လေ့လာသုံးသပ်သူများက ပြောသည်။

စစ်ဆင်ရေး ၆ လနီးပါးရှိချိန်တွင် ဖလမ်းမြို့ လက်တစ်ကမ်းအကွာသို့ စစ်တပ်များ ရောက်ရှိလာခြင်းသည် လက်နက်ကြီးပစ်အား၊ လေကြောင်းတိုက်ခိုက်မှုဖြင့် မြို့ကို ဝင်ရောက်နိုင်သည့် အနေအထားဖြစ်သည်ဟု စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

“ပါရ်သဲမှာ အခြေချထားတဲ့ စစ်ကြောင်းတစ်ကြောင်းက ဗားရ်တံတားနားကို ရောက်လာပြီးပေါ့နော်။ ဗားရ်တံတားအနားက ပွိုင့် ၉၁၅ ဆိုတဲ့ နေရာမှာ သူတို့ လက်နက်ကြီး စခန်းဆင်းမယ်။ ပြီးရင် လုံဘမ်းက စစ်ကြောင်းတွေပါ ရွေ့လာမယ့် အနေအထားမျိုးပဲ။ ပြောရမယ်ဆိုရင် သူတို့ စိုးမိုးကုန်းကနေ လက်နက်ကြီး တစ်ကမ်းမှီးသွားပြီ။ ပြီးတော့ ဖလမ်းမြို့ မြောက်ဘက်မှာ ရှိတဲ့ စစ်ကြောင်း တွေနဲ့ ကလေး- သိုင်းငင်းကြားက ဆက်သွယ်ရေး လမ်းကြောင်းတွေကိုလည်း စစ်တပ်က အခိုင်အမာ ရသွားတဲ့ အနေအထားမျိုး ရှိတယ်။ သူတို့က ဖလမ်းတိုက်စစ်ကို ထပ်ပြီး မြှင့်ဖို့အတွက် ဒကစ-ကလေးမှာ အင်အားတွေ ဖြည့်ထားတာလည်း ရှိတယ်။ စစ်ကောင်စီဘက်က (၆) လမပြည့်ခင် ကာလအတွင်းမှာ ဖလမ်းမြို့ရဲ့ လက်နက်ကြီး တကမ်းကို မှီလာပြီ။ စိုးရိမ်းရတာက သိုင်းငင်းကနေ ကလေးပေါ့နော်၊၊ နောက်ပိုင်းဌာနချုပ်နဲ့ အဆက်အသွယ် မပြတ်ဘူး။ အဲတော့ လက်နက်ကြီး ပစ်အား၊ လေကြောင်းတိုက်ခိုက်မှုတွေ ယူပြီးတော့ မြို့ထဲကို ဝင်ရောက်လာနိုင်မယ့် အနေအထား ရှိသွားပြီ။ ပြောရမယ်ဆိုရင် ဗားရ်တံတားကို ထိန်းချုပ်ထားလိုက်နိုင်တဲ့ အနေအထားမျိုး သွားတွေ့ရတယ်။ အဲတော့ ဒီဧပြီလ နှောင်းပိုင်းကနေ စပြီးတော့ ဖလမ်းမြို့က တိုက်ပွဲတွေ ပြင်းထန်လာမယ့် အနေအထားမျိုးလို့ ကျနော်က မှန်းဆတယ်။ ဖလမ်းကလည်း အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ ဖလမ်းမကျဖို့ ကာကွယ်သွားမယ်ဆိုတဲ့အတွက် မြေပြင်တိုက်ပွဲကော တော်တော်ကြီး ကြီးမားလာမယ်လို့ မှန်းဆထားပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

ဖလမ်းတိုက်ပွဲတွင် စိုးရိမ်းစရာတစ်ချက်မှာ ဟားခါးမြို့ကနေပါ စစ်ကော်မရှင်တပ်များ နှစ်ဖက်ညှပ်၍ ထပ်မံတိုက်လာနိုင်သည့် အနေအထားမျိုုးလည်း ရှိနေကြောင်း သိရသည်။

စစ်တပ်သည် ဖလမ်းမြို့၏ နောက်ဘက်ပိုင်းရှိ စစ်မျက်နှာ မဟုတ်သည့် နေရာများကိုလည်း လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ပြီး ကလေးလေဆိပ်မှ ထောက်ပို့လေယာဉ်များဖြင့် ဗုံးကြဲခြင်း၊ ရိက္ခာ ထောက်ပို့ခြင်းများ ပြုလုပ်သည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်က ဖလမ်းမြို့ကို ပြန်ထိန်းချုပ်နိုင်သွားလျှင် ချင်းတော်လှန်ရေးအတွက် စိုးရိမ်းစရာ ကောင်းသည်ဟု စစ်ရေးလေ့လာသုံးသပ်သူများက ပြောသည်။

“ဖလမ်းကို ပြန်ပြီးတော့ တိုက်ခိုက်နိုင်မယ်ဆိုရင် ထန်တလန်ပေါ့၊၊ ထန်တလန်ကနေမှတဆင့် ချင်းပြည်နယ် တောင်ပိုင်းအထိကို စစ်ကောင်စီက ပြန်ပြီး တိုက်စစ်ဆင်လာနိုင်တယ်။ အဓိကက ဆူရ်းဘုန်လေဆိပ်ပေါ့။ သူတို့ လေဆိပ်ကိုသာ ရမယ်ဆိုရင် လေကြောင်းကနေ အင်အားဖြည့်တင်းမှု လုပ်နိုင်မယ်။ ထောက်ပံ့မှု လုပ်နိုင်မယ်။ ဖလမ်းနဲ့ ဆူရ်းဘုန်လေဆိပ်ကိုသာ ရသွား မယ်ဆိုရင် သူတို့က ချင်းပြည်နယ် မြောက်ပိုင်းရော၊ တောင်ပိုင်းရော ပြန်ထိုးစစ်ဆင်နိုင်မယ့် အနေအထားကို ရောက်သွားနိုင်မယ်လို့ မှန်းဆပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၉ ရက်မှ စတင်၍ အာဏာသိမ်းစစ်တပ်သည် ကလေး- ဝေဘုလ စစ်ကြောင်း၊ ကလေး- သိုင်းငင်း စစ်ကြောင်းတို့ဖြင့် အင်အား ၈၀၀ ဝန်းကျင်ဖြင့် ချင်းတောင်ပေါ်ကို ထိုးစစ်ဆင်ခဲ့ပြီး ချင်းပူးပေါင်းတပ်များနှင့် တိုက်ပွဲများ ဆက်တိုက်အပြင်းအထန် ဖြစ်ပွားနေခဲ့သည်ဟု သိရသည်။

ထို့နောက် ၂၀၂၆ ဖေဖော်ဝါရီလတွင် သိုင်းငင်းမှတဆင့် စစ်အင်အား ရာချီသည် ဗားရ်တံတားဘက်သို့ ဦးတည်၍ ထိုးစစ်ထပ်မံ ဖွင့်ခဲ့ပြီး ယမန်နေ့ ဧပြီလ ၁၉ ရက်က ဗားရ်တံတားအလွန်အထိ ရောက်ရှိလာနိုင်ခြင်းဖြစ်သည်ဟု သိရသည်။

ယနေ့ ဧပြီလ ၂၀ ရက် မနက်ပိုင်းက ဗာရ်တံတားအနီးဝန်းကျင်နှင့် ခွန်လီရွာအနီးတစ်ဝိုက်စသည့် ၂ နေရာကို Y -12 လေယာဉ် များဖြင့် ဗုံးကြဲတိုက်ခိုက်မှု အပြင်းအထန်း ပြုလုပ်သည်ဟု သိရသည်။

ဧပြီလ ၁၈ ရက်ကလည်း ဆူရ်ဘုန်လေဆိပ်အနီးဝန်းကျင်နှင့် ဖလမ်း- ဟားခါး လမ်းမပေါ်ရှိ Tlangzar ရွာနှင့် Laiva ရေအားလျှပ် စစ်ဓါတ်အားပေးရုံးတို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည်ဟု သိရသည်။

၆ လနီးပါးကြာ ဖလမ်းမြို့တိုက်ပွဲများတွင် စစ်ကောင်စီတပ်နှင့် ချင်းပူးပေါင်းတပ်တို့ နှစ်ဖက်စလုံးမှာ ထိခိုက်မှု၊ ကျဆုံးမှု များပြားသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CPU/ CPA နှင့် ULA/ AA တို့ တွေ့ဆုံမှု နိုင်ငံရေး၊ စစ်ရေးအပြင် ကုန်သွယ်စီးပွားကဏ္ဍများ အဓိကဆွေးနွေးခဲ့

ခွင့်လွန်ရဲဘော်များ ဧပြီ ၂၅ နောက်ဆုံးထား ပြန်လာကြရန် CDF-Thantlang ထုတ်ပြန်

ခွန်လီရွာအနီး စစ်ရေးအချက်ချာကျသည့် တောင်ကုန်းစခန်းတစ်ခုကို ချင်းပူးပေါင်းတပ် သိမ်းပိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.