လိုက်နာမှုမရှိပါက အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်မည်
(004SS)
ချင်းလန်းကာကွယ်ရေးတပ်ဖွဲ့ – ထန်တလန် (CDF-Thantlang) ၏ လမ်းညွှန်မှုအောက်တွင် တာဝန်ထမ်းဆောင်နေပြီး သတ်မှတ်ခွင့်ရက်ထက် ကျော်လွန်နေသော ရဲဘော်များအားလုံး ယခု ဧပြီလ ၂၅ ရက်နေ့ နောက်ဆုံးထား၍ ဌာနချုပ်သို့ ပြန်လာကြရန် ထန်တလန်မြို့နယ်ကောင်စီ စစ်ရုံးချုပ်က အမိန့်ထုတ်ပြန် သည်။
ယမန်နေ့ ဧပြီလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ သတ်မှတ်ရက်အတွင်း ပြန်လည်သတင်းပို့ခြင်း မရှိသူများကို CDF-Thantlang အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်မည်ဖြစ်ပြီး၊ ရဲဘော်များ လိုက်နာရမည့် စည်းမျဉ်းဥပဒေ (Article 2, Section 1) အရ ပေးအပ်ထားသည့် အကာအကွယ်များကို ခံစားခွင့်ရှိတော့မည် မဟုတ်ကြောင်း ဖော်ပြထားသည်။
“သတ်မှတ်ရက်အတိုင်း ပြန်မလာသေးတဲ့ ရဲဘော်တွေ ရှိနေပါတယ်။ အများကြီးတော့ မဟုတ်ပါဘူး။ တကယ်လို့ ပြန်လာ မယ်ဆိုရင်တော့ CDF-Thantlang စည်းမျဉ်းဥပဒေ Article-2, Section-1 အရ ကျူးလွန်ခဲ့တဲ့ ပျက်ကွက်မှုတွေအပေါ် ထိုက်သင့်တဲ့ အရေးယူဆောင်ရွက်မှုတွေ ရှိမှာပါ။ ဒါပေမဲ့ ပြန်မလာဘူးဆိုရင်တော့ နာမည်စာရင်းကနေ ပယ်ဖျက်ပြီး ကာယကံရှင်နဲ့ မိသားစုအတွက် ရသင့်ရထိုက်တဲ့ အကျိုးခံစားခွင့်တွေအားလုံးကို ဖျက်သိမ်းသွားမှာ ဖြစ်တယ်ဆိုတာကို အသိပေးထုတ်ပြန်ခြင်း ဖြစ်ပါတယ်။” ဟု CDF-Thantlang ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ထို့အပြင် အမျိုးသားဝန်ဆောင်မှု မူဝါဒ (National Service Policy – NSP) အရ နိုင်ငံ့တာဝန်ထမ်းဆောင်မှုဆိုင်ရာ မှတ်တမ်းအထောက်အထားများ လိုအပ်လာသည့်အခါတွင်လည်း တာဝန်မှ ပျက်ကွက်ခဲ့သည့် ရဲဘော်များအတွက် CDF-Thantlang အနေဖြင့် တာဝန်ယူဆောင်ရွက်ပေးမည်မဟုတ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ချင်းပြည်၊ချင်းလဲန်းတစ်ခုလုံး NSP national service policy ချပြထားတဲ့ဟာရှိသလို ကျွန်တော်တို့ ထန်တလန်မြို့နယ် အတွင်းမှာလဲပဲ တပ်သားစုဆောင်းမှု ဆောင်ရွက်ခဲ့တယ်။ မိသားစုတစ်စုမှာ လက်ရှိတစ်ဦးတစ်ယောက် က ချင်းပြည်၊ ချင်းလဲန်းအတွက် ဆိုပြီး တာဝန်ထမ်းဆောင်နေဆဲ ဆိုရင် သူ့မှာ လက်နက်ကိုင်နိုင်တဲ့ ညီအကို ၃၊၄ ယောက်ရှိ ရင်တောင်မှ ကျွန်တော်တို့ NSP အတိုင်း ကင်းလွတ်ခွင့်ပေးထားတယ်။ တာဝန်ယူရတယ်ပေါ့နော်။ တကယ်လို့ ပြန်မလာဘူး ဆိုရင်တော့ NSP policy အရ ဆောင်ရွက်မှုတွေ ရှိလာတဲ့အခါမှာ သူတို့မိသားစုအတွက် ကျွန်တော်တို့ တာဝန်ယူတော့မှာ မဟုတ်ဘူးဆိုတာကို အသိပေးတာပါ။” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
လက်ရှိတွင် ထန်တလန်မြို့နယ် အတွင်း အမျိုးသားဝန်ဆောင်မှုမူဝါဒ (National Service Policy – NSP) အရ နိုင်ငံ့တာဝန် ထမ်းဆောင်ရန် တပ်သားစုဆောင်းမှုများ ပြုလုပ်လျက်ရှိနေကြောင်း ၎င်းက ဆက်လက်ပြောသည်။
CDF-Thantlang သည် အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသော အဖွဲ့အစည်းများနှင့်လက်တွဲကာ အုပ်ချုပ်ရေး၊ စစ်ရေး နှင့် နိုင်ငံရေး ရည်မှန်းချက်များအောင်မြင်နိုင်ရန်အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်မည်ဟု ဧပြီလ ၆ ရက်နေ့က တပ်ဖွဲ့တည်ထောင်ခြင်း (၅) နှစ်ပြည့်ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

