အတူလိုက်ပါလာသော သူငယ်ချင်း ၂ ဦးအပါအဝင် မြန်မာလူမျိုး အယောက် ၇၈ ဦး ဖမ်းဆီးခံထားရဟုဆို
(004SS)
မလေးရှားသို့အသွား လမ်းခုလတ်တွင် ကွယ်လွန်သွားခဲ့သည့် ချင်းလူငယ် Tg. Pau Lam Kim ၏ ရုပ်အလောင်းအား လက်ရှိတွင် ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးရန် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။
သေဆုံးသွားသူနှင့် အတူပါလာသော သူငယ်ချင်းဖြစ်သူ ၂ ဦးမှာလည်း ဆောင်ခလာအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံ ထား ရပြီး ကျန် ၁ ဦးမှာ ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း ထိုင်းသို့ ကိုယ်တိုင်လိုက်သွားသော သေဆုံးသူ၏ ဆွေမျိုး တစ်ဦးထံမှသိရသည်။
လက်ရှိတွင် ကွယ်လွန်သူချင်းလူငယ်၏ ရုပ်အလောင်းကို ထိုင်းနိုင်ငံ၊ ဆောင်ခလာရဲတပ်ဖွဲ့က ထိန်းသိမ်းထားဆဲဖြစ်တာ ကြောင့် ထုတ်ယူနိုင်ခြင်းမရှိသေးကြောင်း ၎င်းကပြောသည်။
“လောလောဆယ် အလောင်းကိုတော့ ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပါတယ်။ ဘယ်တော့ ကြည့်ခွင့်ရမလဲဆိုတာကို သူတို့ဘက် က ပြန်အကြောင်းကြားမယ်လို့ ပြောတယ်။ ဖမ်းခံထားရတဲ့ ၂ ဦးကတော့ ကျန်းမာရေးကောင်းပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အမှုကိစ္စပိုင်းနဲ့ ပတ်သက်လို့တော့ ဘာမှအတိအကျ မပြောနိုင်သေးဘူး။ ကျန်တစ်ဦးကတော့ ဆေးရုံတက်နေရဆဲပါ။” ဟု ထိုင်းကိုသွားရောက်ခဲ့သောဆွေမျိုးသားတစ်ဦးက ပြောသည်။
သေဆုံးသူ Tg. Pau Lam Kim နှင့်အတူ လိုက်ပါလာကြသော သူငယ်ချင်း ၄ ဦးထဲမှ Tg. Cin Pian Nang နှင့် Singpi အပါအဝင် မြန်မာနိုင်ငံသား ၇၈ ဦးကိုလည်း ထိုင်းအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထား ကြောင်း သိရသည်။
ထိုင်း-မြန်မာသတင်းထူးများ အချိန်နှင့်တပြေးညီဖော်ပြလေ့ရှိသူ မ Nanpiya ၏ ဖြစ်စဉ်အသေးစိတ်ဟု ယနေ့ဖော်ပြ ချက်အရ ၎င်းတို့သည် ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်းဖြင့် ဧပြီလ ၉ ရက် နေ့တွင် ထိုင်းဘက်ကမ်းသို့ ရောက်ရှိခဲ့ကြပြီး မြို့ပေါင်းစုံမှ မြန်မာလူမျိုးအယောက် ၈၀ ကို ပွဲစားများက ၆ ဘီးကား တစ်စီးနှင့် ပစ်ကပ်ကားတစ်စီးပေါ်တွင် လူမဆန်စွာ ငပိသိပ်သကဲ့သို့ ပြည့်ကျပ်နေအောင် တင်ဆောင်လာခဲ့ကြောင်း ဖော်ပြထားသည်။
ထိုသို့တင်ဆောင်လာသည့်အချိန်တွင် Tg. Pau Lam Kim သည် အသက်ရှူကျပ်လာပြီး ဧပြီလ ၁၁ ရက်နေ့တွင် ကားပေါ်၌ပင် ကွယ်လွန်သွားခဲ့ခြင်းဟု ဆိုသည်။
ထို့နောက် အမှုပတ်မည်ကို စိုးရိမ်သော ကားသမားက ရုပ်အလောင်းကို ပင်လယ်ထဲ စွန့်ပစ်ရန် ကြိုးစားခဲ့သော်လည်း သူငယ်ချင်းဖြစ်သူ Cin Pian Nang က ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ခြင်းကြောင့် ဆောင်ခလာဘက် ရေသူမကျောက် ဆောင် ကမ်းခြေအနီးတွင် ကားသမားက အလောင်းနှင့်အတူ ချထားပေးခဲ့ကြောင်း သိရသည်။
အကူအညီပေးသူများမှတစ်ဆင့် ရဲစခန်းသို့ အကြောင်းကြားခဲ့ရာမှ ရုပ်အလောင်းကို ဆောင်ခလာဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့ သည်။ သို့သော် သတင်းပေါက်ကြားမှုကြောင့် ကျန်ရှိသည့် မြန်မာလုပ်သား ၇၈ ဦးမှာလည်း တောထဲတွင် မောင်းချခံရပြီး နောက် အားလုံးဖမ်းဆီးခံခဲ့ရခြင်းဟု မ Nanpiya က ဖော်ပြထားသည်။
လက်ရှိတွင် ၎င်းတို့အားလုံးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် ဆောင်ခလာမြို့၌ ထိန်းသိမ်းထားရှိကြောင်းနှင့် လူမ ဆန်သော ပွဲစားနှင့် ကားသမားများ၏ လုပ်ရပ်ကြောင့် မျှော်လင့်ချက်များစွာရှိသည့် ချင်းလူငယ်တစ်ဦး၏ ဘဝမှာ လမ်းခုလတ်၌ပင် ကြွေလွင့်သွားခဲ့သည်ဟုလည်း ၎င်းကရေးသားဖော်ပြထားပါသည်။

