အားကောင်းသော စစ်ဘက်ဆိုင်ရာ ပြင်ဆင်စုဖွဲ့သည့် အဖွဲ့များ ဖြစ်အောင် ကြိုးစားရန်အကြံပြု
(006SV)
ချင်းတော်လှန်ရေးအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံရေး ကိုယ်ခံအား ကောင်းမွန်သော်လည်း စစ်ရေးဘက်တွင် အားနည်းနေသည့် အပိုင်းကို တွေ့ရှိနေရကြောင်း အာရက္ခတပ်တော် (ULA/ AA) ၏ ဒုဥက္ကဌ ဒေါက်တာညိုထွန်းအောင်က ထောက်ပြသည်။
“မြန်မာနိုင်ငံထဲမှာ လူမျိုးတွေ ရှိကြပါတယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း အစရှိသဖြင့်။ အဲဒီထဲမှာ ချင်းအမျိုးသား တွေဟာ နိုင်ငံ ရေးကိုယ်ခံအားနဲ့ နိုင်ငံရေးဘက်မှာ အားသန်တယ်ဆိုတာကို ကျနော်တို့ သတိထားမိပါတယ်။ ဒါပေမယ့် စစ်ရေးဘက်မှာတော့ သူတို့အနေနဲ့ အားနည်းနေတဲ့အပိုင်းကို တွေ့မိတယ်။ အရင်တုန်းက အားနည်းချက်တွေကို ဒီနေ့အခါမှာ ICNCC အပါအဝင် ချင်းအမျိုးသားတွေကို ကိုယ်စားပြုနေတဲ့ လူတွေအနေနဲ့လည်း ဒီထက် ပိုအားကောင်းအောင် ၊ အင်အားတောင့်အောင် ဆက်လက် လုပ်ကြဖို့ ကျနော်တို့ ညီနောင် ဘဝတူ၊ အိမ်နီးနားချင်း ညီအစ်ကိုတွေအနေနဲ့ ULA အနေနဲ့ အပြုသဘောဆောင်တဲ့ ပုံစံမျိုးနဲ့ ဒီလို အခါအခွင့် ကြုံတဲ့အချိန်မှာ ထပ်ပြီး ထောက်ပြလိုပါတယ်” ဟု ဒေါက်တာ ညိုထွန်းအောင်က ပြောသည်။
ယနေ့ ဧပြီလ ၁၃ ရက်မှာ ကျရောက်သည့် ကြားကာလ ချင်းအမျိုုးသား အတိုင်ပင်ခံကောင်စီ (ICNCC) တည်ထောင်ခြင်း ၅ နှစ်ပြည့် အခမ်းအနားတွင် ယင်းသို့ အပြုသဘောဆောင်သည့် ထောက်ပြချက်ကို ပြောဆိုခြင်းဖြစ်သည်။
လက်ရှိ တော်လှန်ရေး အခင်းအကျင်းသည် နှစ်ပေါင်း ၁၀၀ မှာ တစ်ခါလောက်သာ ပေါ်သည့် အခွင့်အရေးမျိုးဖြစ်ပြီး ယင်းအခွင့် အရေးကို ချင်းတော်လှန်ရေးအတွက် အကျိုးရှိရှိ ကောင်းမွန်စွာ အသုံးပြုရန်ကိုလည်း ဒေါက်တာ ညိုထွန်းအောင်က ပြောသည်။
ချင်းတော်လှန်ရေးအဖွဲ့အစည်းများအကြား စည်းလုံးညီညွတ်မှု၊ မဟာမိတ်ပေါင်းစပ်ညှိနှိုင်းမှုများအပြင် စစ်ရေးဆိုင်ရာပစ္စည်းများ ပြည့်စုံနိုင်ရေး အစရှိသည်တို့ကိုလည်း ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သင့်ကြောင်း အကြံပြုသည်။
ချင်းတော်လှန်ရေးအင်အားစုများအနေဖြင့် ကိုယ့်ဒေသ ကိုယ့်ပြည်သူလူထုကို ကာကွယ်နိုင်ရန် အားကောင်းသည့် စစ်ဘက်ဆိုင်ရာ ပြင်ဆင်မှု၊ စုဖွဲ့မှုများနှင့် စနစ်ကျသည့် အဖွဲ့အစည်းများ ဖြစ်ရန်ကိုလည်း ကြိုးစားကြရန် အသိပေးလိုကြောင်း ဒေါက်တာ ညိုထွန်းအောင်က ပြောသည်။
“လူအများသိတဲ့ စကားတစ်ခုဖြစ်သလို စစ်အင်အားဆိုတာက မြန်မာမှာရော၊ ကမ္ဘာမှာရော စစ်အင်အားက အရာရာဖြစ်ပြီး ခွန်အားကြီးတဲ့ လူကသာ အောင်နိုင်တယ်ဆိုတဲ့ သဘောတရားအရ ချင်းဆိုရင် ချင်းနဲ့ သက်ဆိုင်တဲ့ ကာကွယ်ရေးတပ်တွေ ၊ စစ်အင်အား တွေကိုလည်း အားကောင်းအောင် လုပ်ကြပါဆိုတဲ့ဟာ ကျနော်အနေနဲ့ စစ်ဘက်ဆိုင်ရာ တာဝန်ထမ်းဆောင်နေတဲ့ လူတစ်ဦးအနေနဲ့ တိုက်တွန်း ပြောကြားလိုပါတယ်။ ဒါကတော့ သိပြီးသားစကားဆိုပေမယ့် ဒီကနေ့ ဒီအချိန်ခါမှာ ထပ်ပြီးပြော ရတယ်ဆိုတဲ့ ဟာမျိုးက လိုအပ်နေတဲ့အတွက်ကြောင့် ကျနော်အနေနဲ့ ပြောရခြင်း ဖြစ်ပါတယ်” ဟု ဒေါက်တာ ညိုထွန်းအောင်က ပြောသည်။
အားနည်းချက်များကို အချိန်တိုအတွင်း ပြုပြင်နိုင်ရန် လိုအပ်ပြီး လက်ရှိ ရရှိနေသော အခွင့်အရေးများသည် နောက်ထပ် မည်မျှကြာကြာ ထပ်ရနိုင်မည်ကို မသိကြောင်း၊ ဘုံရန်သူအာဏာသိမ်းစစ်တပ်သည်လည်း ယင်းအခွင့်အရေးများကို ဆက်မပေးရန် ကြိုးစားနေမှုကို အားလုံးအသိပင်ဖြစ်သည်ဟု ဒေါက်တာညိုထွန်းက ပြောသည်။
ယင်းသို့ အားနည်ချက်များကို ပွင့်ပွင့်လင်းလင်း ထောက်ပြရခြင်းသည် အဖွဲ့အစည်း၏ ရည်မှန်းချက် အောင်မြင်ရေးသာမက တနိုင် ငံလုံး၏ တော်လှန်ရေး အားကောင်လာဖို့အတွက် အားပေးစကား ပြောကြားသည်ဟု မှတ်ယူစေချင်ကြောင်း ၎င်းကပြောသည်။
ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC/ CB) ကို ချင်းပြည်သူ့အစည်းအရုံး / ချင်းပြည်သူ့တပ်မတော် (CPU/ CPA) ၊ PDF – Zoland/ ZFU၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF)၊ မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့ (MTC / MDF) တို့ဖြင့် ဖွဲ့စည်းထားပြီး ယင်းတို့ကို ULA/ AA က စစ်ရေးနှင့် နိုင်ငံရေး အကူအညီ အများအပြား ပေးနေကြောင်း သိရသည်။

