(004SS)
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဖူနွမ်း (Phunom) ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့ရာ PDF-Zoland မှ ရဲဘော်/ရဲမေ ၇ ဦး အပါအဝင် ၁၀ ဦး ကျဆုံးသွားခဲ့ကြောင်း သိရသည်။
တီးတိန်မြို့မှ ၂၅ မိုင်ခန့်အကွာရှိ ဖူနွမ်းကျေးရွာက AG ဘုရားကျောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ ထမင်းချက် ပြုတ်သည့် နေရာကို ယမန်နေ့ မေလ ၆ ရက် ညနေပိုင်း ၄ နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ စစ်တပ်က ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကြဲချခဲ့ပြီးနောက် ည ၇ နာရီဝန်းကျင်တွင် ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ အစက အမျိုးသမီး ၅ ဦး အမျိုသား ၄ ဦးကျတာ။ နောက်မှ ထမင်းချက်တဲ့အမျိုးသမီး တစ်ဦးထပ်ဆုံးသွား တယ် အများအပြားထိခိုက်ဒါဏ်ရာရရှိတယ်လို့ ကြားသိရပါတယ်။ ဘုရားကျောင်းလဲ မီးလောင်ပျက်ဆီးသွား တယ်။” ဟု ဒေသခံနှင့် နီးစပ်သူတစ်ဦး က ပြောသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း PDF-Zoland ရဲဘော်များဖြစ်ကြသော ရဲမေ Haunu၊ ရဲမေ Zomnu၊ ရဲမေ Sung sung၊ ရဲမေ Neuneu နှင့် ရဲမေ Siancing တို့အပါအဝင် ရဲဘော် Siantawng (Miaumiau) နှင့် ရဲဘော် Lian bawi (Arluu) တို့အပြင် စာဖိုဆောင်တွင် ချက်ပြုတ်နေသူအပါအဝင် ၁၀ ဦး ကျဆုံးခဲ့ခြင်း ဟု သိရသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖူနွမ်းရွာရှိ AG ခရစ်ယာန်ဘုရားကျောင်းမှာလည်း ဗုံးသီးထိမှန်ကာ တစ်ကျောင်းလုံး မီးလောင် ပျက်စီးသွားခဲ့ပြီး၊ သင်းအုပ်ဆရာအပါအဝင် ဒေသခံ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။
“ အခုနောက်ပိုင်း စစ်ကောင်စီဘက်က အဆင့်မြင့်တရုတ် Drone တွေကို အသုံးပြုပြီး ထိုးစစ်ဆင်လာတာ ကြောင့် ကျွန်တော်တို့ပြည်သူတွေဘက်က အတော်လေး အထိနာနေရတယ်။ အဲဒီဒရုန်းတွေက မိုးရွာရင်လဲ ဘာမှဖြစ်မသွားဘူးဆိုပဲ။ သူတို့က မြေပြင်မှာ မယှဉ်နိုင်လေလေ ဒီလိုနည်းပညာသုံးပြီး နောက်တန်းတွေအထိ လိုက်ပစ်မှတ်ထားလေလေပဲ၊ ဒါပေမဲ့ သူတို့ဘက်မှာလည်း အကျအဆုံးကတော့ အတော်လေး များနေပါတယ်” ဟု PDF-Zoland နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။
အာဏာသိမ်းစစ်တပ်သည် ဧပြီလ ၂၅ ရက်နေ့က ဖလမ်းမြို့ကိုသိမ်းပိုက်ပြီးနောက်ပိုင်းမှာ သိုင်းငင်းမှ တီးတိန်းမြို့သို့ စစ်ကြောင်းထိုးလာပြီး ချင်းတော်လှန်ရေးပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့သည်။ ထိုနောက် မေလ ၅ ရက်နေ့တွင် ကနေဒီတောင်ကို စစ်တပ်က ပြန်လည်သိမ်းပိုက်ခဲ့သည်။
လက်ရှိတီးတိန်မြို့ပေါ်တွင် မြို့သိမ်းတိုက်ပွဲသတင်းကြောင့် ဒေသခံအများစုမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြပြီး ဌာနဆိုင်ရာ ရုံးဝန်ထမ်းများ သာ ကျန်ရှိတော့ကြောင်းသိရသည်။

