(004SS)
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် တော်လှန်ရေးအင်အားစုများက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတော့မည်ဆိုသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခြင်းကြောင့် ဒေသခံပြည်သူအများအပြားမှာ ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင် နေကြကြောင်း သိရသည်။
ဧပြီလလယ်ခန့်မှစ၍ တီးတိန်မြို့ပေါ်ရှိ ဒေသခံပြည်သူများမှာ နီးစပ်ရာကျေးရွာ၊ ကလေးမြို့စသည်ဖြင့် လုံခြုံစိတ်ချရသည့် နေရာများသို့ နေ့စဉ်နှင့်အမျှ ပြောင်းရွှေ့နေကြရာ လက်ရှိတွင် အများအားဖြင့် ဌာနဆိုင်ရာဝန်ထမ်းများသာ ကျန်ရှိတော့ပြီဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“အခု တီးတိန်မှာက မြို့သိမ်းတိုက်ပွဲဆင်နွှဲတော့မယ် ဆိုတဲ့ သတင်းက တော်တော်လေး လှုပ်ခတ်နေတယ်။ တကယ်ပဲ တိုက်ပွဲစတော့မယ်လို့ သတင်းတွေ ထွက်နေတော့ လူတွေက နေ့တိုင်း ပြောင်းနေကြတာ။ အခုဆိုရင် ဝန်ထမ်းတွေ လောက်ပဲ ကျန်တော့မယ်။ ဝန်ထမ်းတွေမှာလဲ အမျိုးသားတွေကျတော့ အဆင်ပြေတယ်။ ကျွန်မတို့လို အမျိုးသမီးအတွက် လမ်းခရီးကြမ်းတော့ ပြောင်းရွှေ့ဖို့အဆင်မပြေသေးဘဲ ကျန်နေရတာပါ။ လူတွေလည်း တော်တော်များများ ရှောင်ကုန်ကြ ပြီ။” ဟု ပြောသည်။
အထူးသဖြင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် မဖြစ်မနေပြည်သူ့ဝန်ဆောင်မှုပေးသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ ကျန်ရှိ နေသေးကြောင်း ၎င်း က ဆက်လက်ပြောဆိုသည်။
ထို့အပြင် အခြားဒေသခံတစ်ဦးကလည်း ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေခြင်းနှင့် ရာသီဥတုအခြေအနေကြောင့် သတင်းအချက်အလက် ရယူရန် ခက်ခဲနေသော်လည်း မြို့ခံအများစုမှာ ဘေးလွတ်ရာသို့ အသီးသီး ထွက်ခွာနေကြကြောင်း အတည်ပြုပြောဆိုသည်။
တစ်ဖက်တွင်လည်း အဆိုပါ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မည့် သတင်းများနှင့် ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများ ပေါ်တွင် ပြည်သူများအကြား ဝေဖန်ပြောဆိုမှုများ မြင့်တက်လျက်ရှိသည်။
အချို့က မြို့သိမ်းတိုက်ပွဲကို အမြန်ဆုံးဖော်ဆောင်ပြီး အောင်နိုင်ပါစေကြောင်း အားပေးထောက်ခံနေကြသော်လည်း အချို့ကမူ ယခုအချိန်သည် မြို့သိမ်းရန် အချိန်ကောင်းမဟုတ်သေးကြောင်း သုံးသပ်နေကြပြီး တိုက်ပွဲများကြောင့် မိမိတို့နေထိုင်ရာ မြို့ရွာများ ပျက်စီးဆုံးရှုံးသွားမည်ကို စိုးရိမ်သဖြင့် မြို့သိမ်းတိုက်ပွဲ မဖော်ဆောင်သင့်ကြောင်း ပြောဆိုသူများလည်း ရှိနေသည်။
အဆိုပါ တိုက်ပွဲသတင်းများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ အတည်ပြု ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ဒေသခံများမှာမူ နီးစပ်ရာကျေးရွာများနှင့် လုံခြုံသည့် နေရာများသို့ ကိုယ်ပိုင်အစီအစဉ်ဖြင့် ဆက်လက် ရွှေ့ပြောင်းနေကြခြင်း ဖြစ်သည်။
လက်ရှိတွင် တီးတိန်မြို့နယ်အခြေစိုက် ZFU/PDF Zoland အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့များမှက အဆိုပါ စစ်ရေးအခြေအနေများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

