(006SV)
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်နှင့် မြို့အနီးဝန်းကျင်နေရာများကို အာဏာသိမ်းစစ်တပ်သည် ဂျက်ဖိုက်တာများဖြင့် ပြင်းပြင်းထန်ထန် ထပ်မံဗုံးကြဲမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧပြီလ ၁၁ ရက် ယမန်နေ့ည ၁၁ နာရီ ၄၅ မီနစ်ခန့်က ချင်းတော်လှန်ရေးတပ်ဖွဲ့ CDF – မင်းတပ်က ထိန်းချုပ်ထားသည့် မင်းတပ်မြို့ကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံး၊ ၂ လုံး အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်သွားသည်ဟု မင်းတပ်မြို့ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။
ယနေ့ ဧပြီလ ၁၂ ရက် မနက် ၈ နာရီခန့်မှာလည်း အာဏာသိမ်း စစ်အုပ်စု၏ ဂျက်ဖိုက်တာ တစ်စီးသည် မင်းတပ်မြို့ အနီးအနောက်ဘက် တစ်နေရာကို ဗုံး ၂ လုံးဖြင့် တိုက်ခိုက်သွားသည်ဟု သိရသည်။
နေ့လယ်ပိုင်း ၁၁ နာရီခန့်အချိန်မှာလည်း မင်းတပ်မြို့တစ်နေရာကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ထပ်မံပြုလုပ်သွားသည်ဟု သိရသည်။
လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှု ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း တာဝန်ရှိသူများထံမှ သီးခြားအတည်ပြုချက် မရနိုင်သေးပေ။
မေလ ၈ ရက်က မင်းတပ်မြို့ အရှေ့ခြမ်းနေရာများကို နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် စစ်တပ်က ဂျက်ဖိုက်တာဖြင့် မီးလောင်ဗုံးအပါအဝင် ပေါက်ကွဲအားပြင်းထန်သော ဗုံးများဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးမှုတချို့နှင့် အဆောက်အဦး ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပြီး အသေးစိတ်အခြေအနေကို မသိရပေ။
ဧပြီလ ၂၅ ရက်က ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က ပြန်လည်းသိမ်းပိုက်နိုင်ပြီးနောက် ချင်းတောင်ပိုင်း၊ မင်းတပ်မြို့နယ်နှင့် ယောဒေသအစပ်များကို လေကြောင်းတိုက်ခိုက်မှုများ ပိုမိုဖိအားပေး ပြုလုပ်လာကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ချင်းတောင်ပိုင်း မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်များကို ဆက်သွယ်ထားသည့် ချင်း- မကွေးအစပ်၊ ဆောမြို့နယ်၊ ကံကြီးရွာတွင်လည်း စစ်တပ်သည် ကုန်စည်ကူးသန်းသွားလာမှုများကို ဖြတ်တောက်ပိတ်ပင်ထားပြီး ကျောက်ထုနယ်ထဲတွင်လည်း စစ်အင်အားနှင့် လက်နက်ခဲယမ်းဖြည့်တင်းကာ စစ်ရေးပြင်ဆင်လာနေကြောင်း သိရသည်။
ချင်းတောင်ပိုင်းကို ဦးတည်နိုင်သည့် ပြင်ဦးလွင်က အင်အား ၅၀၀ ခန့် စစ်တပ်စစ်ကြောင်း၏ ရှေ့ပြေးတပ်ဖွဲ့သည် လက်ရှိတွင် ပေါက် (ကပစ)မှတဆင့် ပုံတောင်ခြေ၊ ကျောက်တံခါးရွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ယောဒေသသတင်းရင်းမြစ်များထံမှ သိရသည်။
လက်ရှိမှာ ဒေသခံပြည်သူများအနေဖြင့် ဗုံးခိုကျင်း၊ ကတုတ်ကျင်းများ အဆင်သင့်ထားရှိပြီး လေကြောင်းသတိပြု နေထိုင်ရန်လည်း တော်လှန်ရေးအင်အားစုများက သတိပေးထုတ်ပြန်ထားသည်။

