(005MK)
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဟွာလ်ငိုးရမ်းဒေသအတွင်း လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရှိသဖြင့် လိုင်တွီးရွာနှင့် ရိဒ်ခေါဒါရ်မြို့အကြား လမ်းမကြီးအား သတ်မှတ်ထားသည့် အချိန်ကာလများ၌သာ ဖြတ်သန်းသွားလာခွင့်ပြု မည်ဖြစ် ကြောင်း CDF-Hualngoram (War Office) က ယနေ့ (မေလ ၂၁ ရက်) တွင် ထုတ်ပြန်သည်။
လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုင်တွီးရွာနှင့် ရိဒ်ခေါဒါရ်မြို့အကြား လမ်းမကြီးကို နံနက် ၆ နာရီမှ ၁၀ နာရီအထိ နှင့် ညနေ ၅ နာရီမှ ည ၉ နာရီအတွင်းသာ ဖြတ်သန်းသွားလာခွင့်ပြုမည်ဟု ဆိုသည်။

လမ်းပိတ်ဆို့ထားသည့် အချိန်များအတွင်း လူ၊ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ အားလုံး ဖြတ်သန်းသွားလာခြင်း မပြုရန် တားမြစ်ထားပြီး၊ လိုအပ်သော လုံခြုံရေးလုပ်ငန်းများ ပြီးစီးပါက လမ်းကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် ဒေသခံပြည်သူများနှင့် ခရီးသွား မိဘပြည်သူများအနေဖြင့် လုံခြုံရေးအရ သတ်မှတ်ထားသည့် လမ်းပိတ်ချိန်နှင့် လမ်းဖွင့်ချိန်များကို အလေးထားလိုက်နာကြရန် တိုက်တွန်းထားသည်။
ထုတ်ပြန်ချက်ကို မလိုက်နာဘဲ နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် ကိစ္စရပ်များအပေါ် တာဝန်ယူမည်မဟုတ်ကြောင်း CDF-Hualngoram ကပြောဆိုထားသည်။

