Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

0
By Editor on June 4, 2026 Featured

“ဆန်အိုးထဲမှာ ဒီနေ့ချက်ဖို့ ဆန်မရှိဘူး…”

မနက်ခင်း နိုးထလာတိုင်း စိတ်ထဲ လေးလံနေသလို အိမ်ရှင်မတစ်ဦးရဲ့ တီးတိုးညည်းညူသံလေးဟာ အိန္ဒိယ-မြန်မာနယ်စပ်က ယာယီတဲအိမ်လေးတစ်ခုထဲကနေ ပျံ့လွင့်လို့လာပါတယ်။ အဲ့လိုညည်းတွားနေသူကတော့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ စက္ကန့်ကျေးရွာကနေ စစ်ဘေးတိမ်းရှောင်လာရတဲ့ အသက် ၄၀ ကျော်အရွယ် မိခင် ဒေါ်ကီနူး (အမည်လွှဲ) ပဲ ဖြစ်ပါတယ်။

ချင်းလူမျိုးတွေ အေးအေးချမ်းချမ်း နေထိုင်ခဲ့ကြတဲ့ စက္ကန့်ကျေးရွာလေးဟာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မြေပြင်တိုက်ပွဲတွေဖြစ်လာခဲ့ပြီးနောက်… ၂၀၂၂ ခုနှစ်မှာတော့ ဒေါ်ကီနူးတို့ မိသားစုဟာလည်း စစ်မီးလျှံတွေကို ကျောခိုင်းပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကို အရဲစွန့် ထွက်ပြေးခဲ့ကြရပါတော့တယ်။ အဲ့ဒီအချိန်ကစလို့ မိသားစုဟာ ဒုက္ခပေါင်းစုံနဲ့ ထိတ်တိုက်ရင်ဆိုင်ခဲ့ရပါတော့တယ်။

မျှော်လင့်ချက် ဝါးထရံအိမ်ကလေးများနှင့် မရေရာသော သုံးပုံတစ်ပုံ

မီဇိုရမ်ပြည်နယ်ရဲ့ မြို့တော် အိုက်ဇောလ် (Aizawl) ကနေ ကီလိုမီတာ ၂၀ လောက်ဝေးတဲ့ Tuirial (တွီရီရလ်) ကျေးရွာလေးကို လှမ်းမျှော်ကြည့်ရင် တောင်စောင်းတွေပေါ်မှာ ဆောက်ထားတဲ့ အမိုးအကာ ဝါးထရံလေးတွေနဲ့ အိမ်ကလေးတွေကို အဝေးကတည်းက မြင်နိုင်ပါတယ်။ ဒါဟာ မီဇိုရမ်ပြည်နယ်ထဲက မြန်မာစစ်ဘေးရှောင်စခန်း မြောက်များစွာထဲက တစ်ခုပါ။

ကျောင်းနေအရွယ် ကလေး ၃ ယောက်ရဲ့ မိခင် ဒေါ်ကီနူးတစ်ယောက် ဒီစခန်းမှာ နေထိုင်လာခဲ့တာ အခုဆို ၄ နှစ်ကျော်သွားပါပြီ။ ရောက်ခါစက အလှူရှင်တွေ၊ အသင်းတော်တွေရဲ့ ပုံမှန်ထောက်ပံ့မှုကြောင့် ဆန်၊ ဆီ၊ ဆား ဖူလုံခဲ့ပေမယ့် အခု ၂၀၂၆ ခုနှစ်မှာတော့ အခြေအနေတွေက တခြားစီ ဖြစ်သွားခဲ့ပါပြီ။မျှော်လင့်ချက်တွေ ရပ်တည်ချက်တွေ ခံစားချက်တွေဟာလည်း အဆိုးဘက်ကိုသာဦးတည်လာနေပါတယ်။

“ကျမတို့ ရောက်ခါစက တစ်လတစ်ခါ ပုံမှန်ရပေမယ့် အခုတော့ ၃ လ၊ ၄ လနေမှ တစ်ခါပဲ ရတော့တယ်။ ရောက်ခါစကရတဲ့ ထောက်ပံ့မှုရဲ့ သုံးပုံတစ်ပုံလောက်ပဲ အခုတော့ ကျန်တော့တာပါ…” ဟု ဒေါ်ကီနူးက ရင်ဖွင့်ရှာပါတယ်။

အိမ်ရဲ့ စားဝတ်နေရေးအတွက် ဒေါ်ကီနူးရဲ့ အမျိုးသားက တောထဲက သစ်တုံးထမ်းတာ၊ တောင်ယာပေါင်းရှင်းတာ၊ ပန်းရံလိုက်တာ စတဲ့ ကြုံရာကျပန်းအလုပ်တွေကို ဖိဖိစီးစီး လုပ်ကိုင်ပေမယ့် ပုံမှန်ဝင်ငွေ မရှိပါဘူး။ အမျိုးသမီးတွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းက လုံးဝ မရှိသလောက် ရှားပါးလှပါတယ်။

ကလေးမြို့နယ်၊ သံဖိုကျေးရွာကနေ ပြေးလာတဲ့ အိမ်နီးနားချင်း ဒေါ်ထန်ပါရ် (အမည်လွှဲ) ကလည်း “ကျမအမျိုးသား တောင်ယာထဲ နေ့စားလုပ်ရင် တစ်ရက် ရူပီး ၅၀၀ (မြန်မာငွေ တစ်သောင်းခွဲဝန်းကျင်) ရတယ်။ ဒါပေမယ့် တစ်လမှာ တစ်ပတ်လောက်ပဲ အလုပ်ရှိတာ။ မိန်းကလေးတွေကတော့ လုပ်ချင်ရင်တောင် ဘာမှလုပ်စရာ မရှိဘူး” လို့ ဆိုပါတယ်။

Tuirial (တွီရီရလ်) စခန်းတင်မကဘဲ မာမစ်ခရိုင်ထဲက Ngalchawm (ငါလ်ချောင်) စခန်းလို နေရာမျိုးတွေမှာလည်း သက်ကြီးရွယ်အိုတွေမှာ ဝင်ငွေမရှိဘဲ ဟင်းသီးဟင်းရွက်လေးတွေ ခြံဘေးစိုက်ပြီး အဆင်ပြေသလို စားသောက်နေကြရပါတယ်။

အခုလို ထောင်ပေါင်းများစွာသော စစ်ဘေးတိမ်းရှောင်ကြသူတွေမှာ စစ်မက်အန္တရာယ်နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမကြုံရတော့ပေမယ့် အလုပ်အကိုင်ရှားပါးမှုဒဏ်ကိုတော့ အကြီးအကျယ် ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ပါတယ်။

အလုပ်အကိုင်ရှားပါးမှုတွေကြောင့် စစ်ဘေးရှောင်တွေအတွက် အလှူရှင်တွေရဲ့ ကူညီထောက်ပံ့မှုတွေဟာ သူတို့အတွက် မျှော်လင့်ချက်ရောင်ခြည်ဖြစ်လာပြီး နေ့စဉ်ဘဝအတွက် တခြားသူတွေရဲ့အကူအညီဟာ အဓိကအားထားရာဖြစ်လာပါတယ်။

အစကနဦးပိုင်းမှာတော့ မီဇိုရမ်အစိုးရအနေနဲ့ဖြစ်စေ၊ ဘာသာရေးအသင်းအဖွဲ့၊ အရပ်ဖက်အဖွဲ့အစည်းတွေက တတ်နိုင်တဲ့ ဘက်ကနေ စစ်ဘေးရှောင်တွေကို ပုံမှန်ကူညီထောက်ပံ့ပေးမှုတွေပြုလုပ်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ပြည်နယ်လွှတ်တော် ဘတ်ဂျက်အစည်းအဝေး ထုတ်ပြန်ချက်အရ မီဇိုးရမ်းအစိုးရဟာ စစ်ဘေးရှောင်တွေအတွက် ရူပီး ၄၁ ဒသမ ၄ သန်း သုံးစွဲခဲ့ပြီး အဲဒီထဲကမှ မြန်မာစစ်ဘေးရှောင်တွေအတွက် သီးသန့်အနေနဲ့ ရူပီး ၃၈ ဒသမ ၄ သန်း (38.4 million rupees) ကို သုံးစွဲခဲ့ပါတယ်။

စစ်ဘေးရှောင်တွေအတွက် ယာယီစစ်ဘေးရှောင်စခန်း တည်ဆောက်တာ၊ လျှပ်စစ်မီးဖြန့်ဝေတာ၊ ရေဖြန့်ဝေတာ၊ ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ အခြားလိုအပ်တဲ့အရာများ ဝယ်ယူရာမှာ အဓိကအသုံးပြုခဲ့တယ်လို့ မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီးက ဆိုပါတယ်။

ဒါပေမယ့် တဖြည်းဖြည်းနဲ့ အချိန်ကာလတွေကြာလာတာနဲ့အမျှ မီဇိုရမ်ပြည်နယ်အစိုးရ၊ ဘာသာရေးအသင်းအဖွဲ့၊ အရပ်ဖက်အဖွဲ့အစည်းတွေအပါအဝင် တခြားအလှူရှင်တွေနည်းပါးလာပြီး အရင်ကလို အကူအညီတွေလည်း ပုံမှန်မရကြတော့ဘူးလို့ Tuirial (တွီရီရလ်) စစ်ဘေးရှောင်စခန်းမှာနေထိုင်တဲ့ စခန်းတာဝန်ခံ ကိုအဲလ်ဗစ်က ပြောပါတယ်။

“ကျနော်တို့ရောက်ခါစမှာဆိုရင် ရွာထဲကလူတွေပဲဖြစ်ဖြစ် အသင်းတော်အနေနဲ့ဖြစ်ဖြစ် များစွာထောက်ပံ့မှုတွေ ကျနော်တို့ကိုပေးကြတယ် စားဝတ်နေရေးတော့ ဖူလုံတာပေါ့နော် နောက်ပိုင်းတော့ တစ်နှစ်လည်းမဟုတ် ၄ နှစ်လည်းရှိနေပြီဆိုတော့ ထောက်ပံ့မှုတွေက ကျဲလာတယ် ခက်ခဲမှုတွေတော့ရှိတာပေါ့ ရှိတဲ့အလုပ်တွေကိုရှာပြီးမှ လုပ်ကြရပြီးရုန်းကန်ကြတာ”

အရင်တုန်းကတော့ စစ်ဘေးရှောင်တွေဟာ ဆန်၊ ဆီ၊ ဆား အခြေခံစားသောက်ကုန်တွေကို အနည်းဆုံးတစ်လ တကြိမ် လောက်ရရှိနိုင်ခဲ့ကြပေမယ့် ခုအခါမှာတော့ ၃၊ ၄ လနေမှ တခါလောက် ရရှိကြတော့တယ်လို့ဆိုပါတယ်။

ပြည်တွင်းထွက်ကုန်နဲ့ ထုတ်ကုန်တွေ သိပ်မရှိလှတဲ့ မီဇိုရမ်ပြည်နယ်ဟာ အစစအရာရာမှာ အိန္ဒိယဗဟိုအစိုးရကို အဓိက အားထားပြုနေရတဲ့ ပြည်နယ်တစ်ခုဖြစ်တာကြောင့် မြန်မာစစ်ဘေးရှောင်တွေကို လက်ခံထားတယ်ဆိုပေမယ့် ရေရှည်ကူညီထောက်ပံ့မှုပေးဖို့ ဆိုတာ မလွယ်ကူလှပါဘူး။

ပြန်စရာ အိမ်မရှိတော့တဲ့ ဘဝများ

စစ်ဘေးရှောင်စခန်းမှာ စားဝတ်နေရေးအတွက် သေရေးရှင်ရေး ရုန်းကန်နေရပေမယ့် ကိုယ့်ဇာတိမြေကို ပြန်ဖို့ကလည်း အိပ်မက်တစ်ခုလို ဝေးကွာနေဆဲပါ။ ဒေါ်ကီနူးရဲ့ ဇာတိ စက္ကန့်ရွာလေးဟာ ၂၀၂၂ ခုနှစ်အတွင်းမှာတင် စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးခြင်းကို ၄ ကြိမ်ထက်မနည်း ခံခဲ့ရပြီး ရွာလုံးကျွတ်နီးပါး ပြာကျခဲ့ရပါတယ်။ အဲဒီအထဲမှာ ဒေါ်ကီနူးရဲ့ အိုးအိမ်လေးလည်း ပါဝင်သွားခဲ့ပါပြီ။

“ဒီမှာနေရတာ အရမ်းခက်ခဲပေမယ့် မြန်မာနိုင်ငံကို ပြန်ဖို့ စိတ်ကူးမရှိပါဘူး။ ပြန်မယ်ဆိုရင်တောင် စစ်ကောင်စီ မီးရှို့လို့ နေစရာ အိမ်မရှိတော့ဘူး။ ကျမတို့ မိသားစုမှာ ပြန်စရာ အိမ်မရှိတော့ဘူး…”

ဘဝတစ်ခုလုံး ပြာပုံဘဝ ရောက်သွားခဲ့ရတဲ့ ဒေါ်ကီနူးကတော့ လက်ရှိ ကြုံတွေ့နေရတဲ့ ဒုက္ခတွေကို ဘာသာရေးအရသာ စိတ်အေးအေးထားပြီး ခံယူနေရှာပါတယ်။ “လူသားတစ်ယောက်ဖြစ်တဲ့အခါ စိတ်ဓာတ်ကျတာပေါ့။ ဒါပေမယ့် ဖြစ်လာမယ့်အရာမှန်သမျှဟာ ဘုရားရဲ့အလိုတော်ပဲလို့ပဲ ခံယူထားပါတယ်” လို့ သူမက တည်ငြိမ်စွာ ပြောပြပါတယ်။

မြို့ပြဆီက အိပ်မက်နဲ့ ရိုက်ချိုးခံရတဲ့ တတိယနိုင်ငံ မျှော်လင့်ချက်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ် (Mizoram) ပြည်နယ်အတွင်း ရောက်ရှိခိုလှုံနေကြတဲ့ မြန်မာနိုင်ငံက စစ်ဘေးရှောင်ဦးရေဟာ လက်ရှိ ၂၀၂၆ ခုနှစ် မေလလယ်ပိုင်းအထိ နောက်ဆုံးရရှိထားတဲ့ စာရင်းဇယားများအရ စုစုပေါင်း ၄၀,၀၀၀ ဝန်းကျင် ရှိနေပြီဖြစ်ပါတယ်။

ဒါပေမယ့် ပြည်နယ်အစိုးရထံ တရားဝင်စာရင်းမသွင်းဘဲ စစ်ဘေးရှောင်စခန်းများအပြင်ဘက်၊ ဆွေမျိုးနီးစပ်ရာ အိမ်များနှင့် မြို့ပြများတွင် ကိုယ်ထူကိုယ်ထ အလုပ်အကိုင်ရှာဖွေ နေထိုင်နေကြသူများအပါအဝင်ဆိုပါက မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင် စုစုပေါင်းဦးရေဟာ ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ကြားအထိ ရှိနိုင်တယ်လို့ ကယ်ဆယ်ရေးနှင့် လူမှုကူညီရေးအဖွဲ့အချို့က ခန့်မှန်းတွက်ချက်ထားကြပါတယ်။

အိုင်ဇောလ်၊ လုံးလဲ၊ လောင်တလိုင်၊ ရှီဟာ၊ မာမစ်၊ ကျန်ဖိုင်း စတဲ့ ခရိုင် ၆ ခုမှာရှိတဲ့ စစ်ဘေးရှောင်စခန်း တစ်ရာနီးပါးမှာ ဖြန့်ကျက်နေထိုင်ကြတာပါ။

မီဇိုရမ်ပြည်နယ်ရောက် မြန်မာစစ်ဘေးရှောင်တွေကို မီဇိုရမ်အစိုးရက ရူပီးသန်းပေါင်းများစွာ အသုံးပြု စောင့်ရှောက်ပေးခဲ့ရသလို၊ ဗဟိုအစိုးရထံကနေလည်း ရူပီး ၈ ကုဋေအထိ ရန်ပုံငွေတောင်းခံ သုံးစွဲခဲ့ရပါတယ်။ သို့သော်လည်း ရေရှည်အတွက် ထောက်ပံ့မှုတွေက လျော့နည်းလာနေတာ အမှန်ပဲ ဖြစ်ပါတယ်။

ဒီလို စခန်းတွေမှာ အလုပ်အကိုင် မျှော်လင့်ချက်မရှိတော့တဲ့အတွက် လူငယ်တချို့ကတော့ အရဲစွန့်ပြီး အိန္ဒိယနိုင်ငံရဲ့မြို့တော် နယူးဒေလီအထိ တက်လှမ်းကာ UNHCR (ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး) မှာ ဒုက္ခသည်အဖြစ် လျှောက်ထားရင်း တတိယနိုင်ငံကိုသွားဖို့ ကြိုးစားကြပါတယ်။

နယူးဒေလီမှာ အခုလို မှတ်ပုံတင်ထားတဲ့ မြန်မာနိုင်ငံသား ၃၅,၀၀၀ နီးပါးရှိနေပြီး အိန္ဒိယတစ်နိုင်ငံလုံးမှာတော့ ၈၆,၆၀၀ ဝန်းကျင်အထိ ရှိနေပါတယ်။

ကလေးမြို့ကနေ လင်မယားနှစ်ယောက် ထွက်ပြေးလာတဲ့ ကိုလာရင့်အော်မာ (အမည်လွှဲ) ဟာလည်း နယူးဒေလီမှာ ခိုလှုံနေတာ ၃ နှစ်နီးပါး ရှိပါပြီ။

“တကယ်ဆို မြန်မာနိုင်ငံမှာ ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်အလုပ်နဲ့ ရှင်သန်ခဲ့တာ။ လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းမစုဆောင်းရင် ကျနော်တို့ လင်မယား ဒီလို ဒုက္ခတွေ ခံနေစရာမလိုဘူး” လို့ သူက မကျေမချမ်း ဆိုပါတယ်။

သူတို့ရဲ့ ဒုတိယအိပ်မက်ဖြစ်တဲ့ တတိယနိုင်ငံကို သွားရောက်ခိုလှုံခွင့် ရေးရေးလေး မျှော်လင့်ချက်ကလည်း မကြာသေးခင်ကမှ တက်လာတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဒုက္ခသည်ဆိုင်ရာ မူဝါဒအသစ်တွေကြောင့် ရိုက်ချိုးခြင်း ခံလိုက်ရပြန်ပါတယ်။

“မူဝါဒအသစ်တွေကြောင့် ကျနော်တို့ အိပ်မက်တွေ ထပ်ပျက်ခဲ့ရတယ်။ ဘယ်တတ်နိုင်မလဲ… ဒီမှာပဲ ရရာအလုပ်လုပ်ပြီး ရှင်သန်ရမှာပဲ။ မြန်မာနိုင်ငံလည်း မပြန်ရဲဘူးလေ။ ပေါ်တာဆွဲခံရရင် ဒီမှာခံနေရတဲ့ ဒုက္ခထက် ပိုဆိုးသွားလိမ့်မယ်” လို့ ကိုလာရင့်အော်မာက ညည်းတွားပါတယ်။

ဝိုင်းဝန်းစဉ်းစားရမယ့် ရှေ့ဆက်ခရီး

ဒီကနေ့ မီဇိုရမ်နယ်စပ်နဲ့ နယူးဒေလီမြို့ပြတွေအထိ ပြန့်ကျဲနေတဲ့ ထောင်ပေါင်းများစွာသော မြန်မာစစ်ဘေးရှောင်တွေဟာ စစ်မက်အန္တရာယ်ကနေ ကင်းဝေးသွားခဲ့ပြီဖြစ်ပေမယ့် “ဝမ်းစာရေး” ဆိုတဲ့ ငရဲမီးကိုတော့ နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေကြရဆဲဖြစ်ပါတယ်။

ပြည်တွင်းထွက်ကုန် သိပ်မရှိတဲ့ မီဇိုရမ်ပြည်နယ်အဖို့ မြန်မာဒုက္ခသည်တွေကို ရေရှည် ထောက်ပံ့ဖို့ဆိုတာ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာနေပါပြီ။ ဒေသခံအဖွဲ့အစည်းတွေဖြစ်တဲ့ YMA (Young Mizo Association) နဲ့ ဘာသာရေးအသင်းတော်တွေက တတ်နိုင်သလောက် ဝိုင်းဝန်းကူညီနေကြပေမယ့် အချိန်ကာလတွေ ပိုမိုကြာမြင့်လာတာနဲ့အမျှ အလှူရှင်တွေ တဖြည်းဖြည်း လျော့နည်းလာနေပါတယ်။

စစ်ဘေးရှောင်စခန်းထဲက ကလေးငယ်တွေရဲ့ ဗိုက်ဆာလို့ ငိုယိုသံတွေ၊ အိမ်ရှင်မတွေရဲ့ မီးဖိုချောင်ထဲက သက်ပြင်းချသံတွေနဲ့ လူငယ်တွေရဲ့ ပျက်စီးသွားတဲ့ အိပ်မက်တွေကြား… ပုံမှန်ဝင်ငွေရမယ့် အလုပ်အကိုင်လည်း မရှိ၊ ကူညီထောက်ပံ့မှုတွေလည်း ကုန်ခမ်းသွားမယ့် တစ်နေ့ကျရင်… သူတို့ ဘယ်ပုံဘယ်နည်းနဲ့ ဘဝရှေ့ခရီးကို ဆက်လှမ်းကြမလဲဆိုတာ…မျက်ရည်စိုစွတ်နေတဲ့ ပုစ္ဆာတစ်ပုဒ်ပဲ ဖြစ်ပါတော့တယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.