(004SS)
ချင်းပြည်နယ်၊ ဟားခါးမြို့မှ ထန်တလန်မြို့ပေါ်သို့ အာဏာသိမ်းစစ်တပ်များ ဝင်ရောက်လာပြီးနောက် ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားနေသည်မှာ ၅ ရက်ခန့်ရှိနေပြီး စစ်တပ်ဘက်မှ အနည်းဆုံး ၅ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း CDF-Thantlang ထံမှ သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့တွင် ဟားခါးဘက်မှ ရောက်ရှိလာသော စစ်တပ်သည် ထန်တလန်မြို့ပေါ်ရှိ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ အင်အား ၃၀၀ ဝန်းကျင်ဖြင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များရှိရာ နောရာများအား ထိုးစစ်ဆင် တိုက်ခိုက် လာနေပြီး ဇွန်လ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့အထိ မြို့ပေါ်တွင် နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွါးနေခဲ့ကြောင်း CDF-Thantlang ပြောရေးဆိုခွင့်ရှိသူကပြောသည်။
“ဒီနေ့ကျတော့ လူအင်အားကို မသုံးဘဲ ဒီမနက် မိုးလင်းတာနဲ့ ဒရုန်းလဲ သုံးတယ်၊ စဉ်ဆက်မပျက် လက်နက်ကြီးနဲ့လဲ ထုတာပေါ့နော်။ ထိတွေ့မှုက ၁၃၊ ၁၄ ရက်နေ့မှာ ပြင်းထန်ပြီးတော့ အဲဒီနေ့မှာ စကစဘက် ၅ ယောက်လောက် သေသွား တယ်။ အဲဒီနေ့မှာ ပဲ ထိခိုက်ဒါဏ်ရာရတဲ့သူလဲ များတာပေါ့။ ကျွန်တော်တို့ ခြေကုတ်ယူထားတဲ့နေရာကို တိုက်ဖို့ ကြိုး စားတာပေါ့။ အင်အားကတော့ အရင်တုန်းကရှိတဲ့ အင်အားနဲ့ ပေါင်းပြီးတော့မှ အနည်း ဆုံး ၃၀၀-၄၀၀ ကြား လောက်တော့ ရှိမယ်လို့ ယူဆတယ်။ ကျွန်တော်တို့ဘက်ကတော့ ဘုရားရှင်ကျေးဇူးတော်ကြောင့် ထိခိုက်ကျဆုံးမှုတော့ မရှိပါဘူး။” ဟု CDF-Thantlang ပြောရေးဆိုခွင့်ရှိသူ ကပြောသည်။
စစ်တပ်သည် တော်လှန်ရေးတပ်ဖွဲ့များ ခြေကုတ်ယူထားသည့်နေရာများကို လက်နက်ကြီး၊ အသေခံဒရုန်းများဖြင့် တိုက်ခိုက် နေသည်ဟု ၎င်းကပြောသည်။
“အခု စကစ က ထန်တလန်မြို့ ရဲစခန်းအထိ သူတို့ခြေကုတ်ယူနိုင်တယ်။ ရဲစခန်းဆိုတာက ထန်တလန်မြို့အလယ်လောက် မှာ ရှိတယ်။ အဲဒီကနေပြီးတော့ ကြိုဆိုပါ၏နားက တပ်ကုန်းအထိ သူတို့ ၁၀ နေရာလောက် စခန်းချနေရာယူထားတယ်။ ထန်တလန်မြို့ရဲ့ ကျန်တဲ့နေရာကျတော့ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့ဘက်က နေရာယူထားပြီးတော့ ခုခံနေဆဲ ဖြစ်တယ်။ရှေ့ဆက်ကတော့ ထန်တလန်မြို့ပေါ်မှာ တိုက်ပွဲ ပိုပြီး ပြင်းထန်မဲ့ အနေအထားမှာ ရှိနေပါတယ်။” ဟု CDF-Thantlang ပြောရေးဆိုခွင့်ရှိသူ ကပြောသည်။
တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ထန်တလန်မြို့ကို ဆက်လက်ကာကွယ်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားသွားမှာြဖစ်ပြီး ပြည်သူများအနေဖြင့်လည်း တတ်နိုင်သည့်ဘက်မှ ပူးပေါင်းကူညီပေးကြရန် CDF-Thantlang တာဝန်ရှိသူက ပြောသည်။

