(006SV)
ချင်းပူးပေါင်းတပ်နှင့် အာဏာသိမ်းစစ်တပ်တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည့် မင်းတပ်မြို့ အရှေ့ဘက်ခြမ်း နေရာများကို ယနေ့မနက်ပိုင်းတွင် စစ်တပ်က Y – 12 ဗုံးကြဲလေယာဉ်ဖြင့် ဗုံးအလုံးရေ ၇၀ ကျော် ကြဲချ တိုက်ခိုက်သွားကြောင်း သိရသည်။
ယနေ့ ဇွန်လ ၁၇ ရက် နံနက် ၇ နာရီမှ ၈ နာရီ ၁၂ မိနစ်ခန့်အတွင်း မကွေး၊ ယောဒေသနှင့် မင်းတပ်မြို့ကြားရှိ မြို့အရှေ့ဘက်ခြမ်းနေရာများကို Y- 12 လေယာဉ်ဖြင့် တစ်ကြိမ်ကြဲချလျှင် ဗုံး ၄ လုံးခန့်အသုံးပြုပြီး ၁၇ ကြိမ်ခန့်၊ ဗုံးအလုံးရေ ၇၀ ကျော်ကြဲချ၊ တိုက်ခိုက်သွားခြင်းဖြစ်သည်ဟု မင်းတပ်မြို့ဒေသခံ HKL Mindat ထံမှ သိရသည်။
ယမန်နေ့ ဇွန်လ ၁၆ ရက် ညဦးပိုင်း ၇ နာရီ ၁၇ မီနစ်ခန့်ကလည်း မင်းတပ်မြို့ပေါ်ကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံးဟူ၍ ယူဆရသော ဗုံး ၄ လုံး ကြဲချတိုက်ခိုက်သွားကြောင်း၊ မနက် ၇ နာရီခန့်ကလည်း ဂျက်ဖိုက်တာ ၂ စီးဖြင့် ၄ ကြိမ်လေကြောင်းတိုက်ခိုက်ရာ ဗုံး ၈ လုံးကြဲချသွားသည်ဟု သိရသည်။
မကွေး၊ ယောဒေသမှတဆင့် ချင်းတောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့တို့ကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူအများအပြားအသုံးပြုလျက် စစ်အင်အား ၂၀၀၀ ကျော်ဖြင့် မေလလယ်ခန့်မှ စတင်၍ စစ်ကြောင်းထိုးလာနေရာ ချင်းပူးပေါင်းတပ်များနှင့် ယနေ့အထိ ထိတွေ့တိုက်ပွဲများ ပြင်းထန်နေသည်ဟု သိရသည်။
ယမန်နေ့ကလည်း ယောဒေသ၊ ကျောက်ထုမြို့ရှိ အမြောက်တပ်ရင်း ၃၆၈ သို့ စစ်တပ်၏ Y -8 ထောက်ပို့လေယာဉ် ဆင်းသက်ပြီး ခဲယမ်းရိက္ခာများအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်ခန့် ထပ်မံအားဖြည့်ခဲ့ကာ ထိခိုက်ဒဏ်ရာမျာ ရရှိသူ ၄၀ ခန့်ကို ပြန်လည်သယ်ဆောင်သွားသည်ဟု သိရသည်။
အာဏာသိမ်းစစ်တပ်သည် မင်းတပ်မြို့နယ်အတွင်းကို လေကြောင်းတိုက်ခိုက်ရာတွင် တချို့နေ့ရက်များမှာ ဂျက်ဖိုက်တာ ၂ စီး၊ ၃ စီးဖြင့် ဗုံးကြဲမှု အများအပြား ပြုလုပ်သကဲ့သို့ Y – 12 လေယာဉ် အသုံးပြု၍လည်း ဗုံးများအတွဲလိုက်ဖြင့် ကြဲချတိုက်ခိုက်သည်ကို လေ့လာတွေ့ရှိရသည်။
ဇွန်လ ၁၅ ရက်တာအတွင်း မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင် တိုက်ပွဲဖြစ်ပွားသည့် နေရာများကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၇၄ ကြိမ်ပြုလုပ်ခဲ့ကြောင်း ဒေသခံတချို့နှင့် ခိုနူမ်းသုန်က မှတ်သားထားသော စာရင်းအရ သိရသည်။
လက်ရှိမှာ ချင်းတောင်ပိုင်းမြို့များနှင် ယောဒေသတောင်ပိုင်းရှိ ဆောနှင့် ကျေးရွာ ၂၅ ရွာခန့်မှ ဒေသခံပြည်သူများသည် အိုးအိမ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်ရမှု တစ်လခန့် ရှိလာနေပြီး၊ ၎င်းတို့သည် စစ်တပ်၏ ဖြတ်လေးဖြတ် ပြုလုပ်ခြင်းကိုလည်း ထပ်မံ ရင်ဆိုင်နေရသည့်အတွက် ကလေးငယ်၊ သက်ကြီးရွယ်အိုအပါအဝင် ထောင်ချီသော စစ်ဘေးရှောင်ပြည်သူများသည် လူသားချင်းစာနာမှု အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

