(002MG)
အိန္ဒိယ – မြန်မာနယ်စပ်ကိုဆက်သွယ်သည့် ကလေး – တမူးကားလမ်းကို စစ်ရေးအခြေအနေကြောင့် ယနေ့ဇွန်လ (၈) ရက်မွန်းလွဲပိုင်းမှစတင်ကာ ယာယီပိတ်လိုက်ပြီဟု သိရသည်။
ကလေးမြို့ဒေသခံတဦးက “ဒီနေ့ နေ့လည်က စစ်ကောင်စီရဲ့ ဆည်ကြီးဂိတ်ကနေရောပိတ်လိုက်ပြီ လမ်းတွေကို တမူးဖက်က ရော၊ ကလေးဖက်ကရော။ လေ့ကျင့်ရေး (၁၀) စခန်းကြီးဖက်ကနေရော စစ်ကြောင်း ညှပ်ထိုးနေပြီ လို့ကြား တယ်။ လောလောဆယ်အခြေအနေတော့။” ဟု ပြောသည်။
စစ်အစိုးရသမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယခရီးစဉ်အတွင်း အိန္ဒိယ – မြန်မာနယ်စပ်တလျှောက် ကုန်သွယ်ရေးများ ပုံမှန်အခြေအနေပြန်ဖြစ်လာရန် ဦးစားပေးဆောင်ရွက်သွားမည်ဟု ပြောဆိုပြီးနောက် ရက်ပိုင်းအတွင်း က လေး-တမူး ကားလမ်းပိုင်းအား ပြန်လည်ရရှိနိုင်ရန် အင်အားအများ အပြားဖြင့် ခမ်း ပတ်မြို့ဖက်သို့ ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
ကလေး- တမူး ကားလမ်းပိုင်းတစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့သည် တကျော့ပြန် နှစ်ဘက်ညှပ် ထိုးစစ်ဆင်လာ သောကြောင့် တမူးမြို့နယ် အပါအ ဝင် ကာနန်၊ ဘုတ်ကန် ကျေးရွာနှင့် ခမ်းပတ်မြို့ရှိ ဒေသခံပြည်သူအများစုသည် အိန္ဒိယနယ်စပ် နှင့် ကလေးမြို့ ဘက်သို့ အရေးပေါ် စစ်ဘေးတိမ်း ရှောင်နေကြရသည်ဟု သိရသည်။
ခမ်းပတ်ဒေသခံအမျိုးသမီးတဦးက “စစ်ကြောင်းထိုးမယ်သတင်းကြားတော့ တချို့က ပြီးခဲ့တဲ့တပတ် ကတည်းက ကြိုပြီး ကလေးမြို့ကိုပဲ လာရှောင်ကြတာပါ။ ဒီနေ့လည်း ထပ်ထပ်ပြီး ခမ်းပတ်၊နန်းခေါက် ခေါက်၊ ကနန် ဖက်ကတွေလည်း ရောက်လာကြတယ်။ နေ့လည်ပိုင်းတော့ ကားလမ်းပိတ်လိုက်ပြီဆို တော့ တချို့က လမ်းတဝက်မှာ ပိတ်မိသွားကြတယ်။အခုလောလောဆယ်တော့ ဘုရားကျောင်းမှာ စုပြီး တော့နေကြတုန်းပဲ။” ဟုပြောသည်။
ဇွန်လ (၄) ရက်နေ့တွင် ခမ်းပတ်မြို့အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေ ကြောင်းဖြင့် ဗုံကြဲတိုက် ခိုက်မှုပြုလုပ်ခဲ့ သောကြောင့် တော်လှန်ရေးရဲဘော် (၂) ဦး မစိုးရိမ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များလည်း ထိခိုက်ပျက်စီး မှုရှိခဲ့သည်ဟု သိရသည်။
တမူးမြို့ဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့တို့ ဇွန်လ (၈) ရက် ယနေ့မနက်ပိုင်းတွင် တမူး – ခမ်းပတ်မြို့ကြားရှိ နန်းမွန်းတားကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် အိန္ဒိယ – မြန်မာနယ်စပ် တစ်ခုဖြစ်သော စစ်ကိုင်းတိုင်း၊ ကလေး -တမူး လမ်းမပါ်က ခမ်းပတ်မြို့ကို တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့ တပ်ဖွဲ့များက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့ကတည်းက သိမ်းပိုက်ထိန်းချုပ်ထားခဲ့ခြင်းဖြစ်သည်။
Video – Thang Let Dawla

