(006SV)
တိုက်ပွဲများ ဖြစ်ပွားနေသည့် ချင်းတောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့၏ အရှေ့ခြမ်းနေရာများကို ယနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က Y- 12 လေယာဉ်နှင့် ဂျက်ဖိုက်တာများ အသုံးပြု၍ ပြင်းပြင်ထန်ထန် ထပ်မံ ဗုံးကြဲတိုက်ခိုက်သွားသည်ဟု သိရသည်။
ယနေ့ ဇွန်လ ၂၅ ရက်၊ နံနက် ၇ နာရီခန့်မှာ ယောဒေသနှင့် မင်းတပ်မြို့ကြားရှိ မြို့အရှေ့ဘက်နေရာကို စစ်တပ်သည် ဂျက်ဖိုက်တာ ၂ စီးဖြင့် ၃ ကြိမ်လေကြောင်းတိုက်ခိုက်ရာ ဗုံး ၆ လုံး ကြဲချခဲ့ကြောင်း၊ နံနက် ၇ နာရီခွဲခန့်မှာလည်း Y – 12 လေယာဉ်ဖြင့် ဗုံး ၃ လုံးတွဲနှင့် ၇ ကြိမ်၊ စုစုပေါင်း ဗုံးအလုံး ၂၀ ကျော် ကြဲချပြီး လေကြောင်းတိုက်ခိုက်သွားကြောင်း သိရသည်။
နံနက် ၇ နာရီ ၂၀ ခန့်မှာလည်း ကန်ပက်လက်မြို့၏ အရှေ့ဘက်ခြမ်း ထိတွေ့တိုက်ပွဲဖြစ်ပွားရာ နေရာများကို ဂျက်ဖိုက်တာ ၁ စီးဖြင့် လေကြောင်းတိုက်ခိုက်သွားသကဲ့သို့ Y – 12 လေယာဉ်ဖြင့်လည်း ၈ ကြိမ်ခန့် လေကြောင်း တိုက်ခိုက်သွားသည်ဟု သိရသည်။
“မင်းတပ်နဲ့ ယောဒေသကြားရှိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာတွေ ဘက်မှာ နေ့တိုင်းအပြန်အလှန် ပစ်ခတ်သံတွေ ကြားနေရဆဲပါ၊၊ ဒီနေ့ လေကြောင်းတိုက်ခိုက်မှုမှာတော့ အရပ်သားပြည်သူတွေ ထိခိုက်မှု ရှိ၊ မရှိ မကြားမိသေးပါဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဇွန်လ ၂၃ ရက် နေ့လည်ပိုင်းမှာလည်း စစ်တပ်သည် Y- 12 လေယာဉ်နှင့် ဂျက်ဖိုက်တာများ အသုံးပြု၍ မင်းတပ်မြို့အနီးနှင့် အရှေ့ဘက်ခြမ်းနေရာများကို ဗုံးအလုံးရေ ၄၀ ဝန်းကျင် ကြဲချတိုက်ခိုက်ပြီး ကန်ပက်လက်မြို့အနီးနှင့် မြို့ရှေ့ခြမ်းနေရာ များကိုလည်း ဗုံးအလုံးရေ ၃၀ ခန့် ကြဲချတိုက်ခိုက်သည်ဟု သိရသည်။
ချင်းတောင်ပိုင်း၊ မြို့များကို စစ်တပ်၏ အင်အား ၂၀၀၀ ကျော်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လာမှုများအပေါ် ချင်းပူးပေါင်းတပ်များက ယခုအချိန်အထိ ကောင်းမွန်စွာ ခုခံတွန်းလှန်ထားနိုင်သည်ဟု စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
“အခြေအနေကတော့ မြေပြင်စစ်ကြောင်းတွေက မင်းတပ်ရော၊ ကန်ပက်လက်ကော နှစ်ဖက်စလုံးမှာ ထိထိ ရောက်ရောက် ထိုးနိုင်တဲ့ အနေအထားမျိုး မရှိဘူးလို့ သုံးသပ်ရတယ်။ အင်အားဖြည့်တဲ့ အနေအထားမျိုးလည်း မတွေ့ရဘူး။ ဘာလို့လဲဆိုတော့ ပေါက်နဲ့ မြိုင်တို့ဘက်မှာ နောက်ပိုင်းစစ်မျက်နှာစာ မလုံတော့တဲ့အတွက် ရှေ့ပိုင်း တိုက်စစ်ကို အားထပ်ပြီး မမြှင့်နိုင်တာလို့ ယူဆရတယ်။ ကျနော်ကတော့ ထင်တယ်။ မင်းတပ်နဲ့ ကန်ပက်လက်တို့မှာ ချင်းတော်လှန်ရေးတပ်တွေဘက်ကလည်း အင်အား ၇၀၀/ ၈၀၀ လောက်နဲ့ ခံစစ်ဆင်ထားတဲ့ အနေအထားမျိုးပဲ၊၊ အဲတော့ စစ်မျက်နှာတစ်ခုကို ၇၀၀/ ၈၀၀ လောက်နဲ့သာ ခံစစ်ဆင်ထားမယ်ဆိုရင် မင်းတပ်နဲ့ ကန်ပက်လက်ကို အင်အား ၄၀၀၀ လောက် သုံးရမယ့် အနေအထား။ အခုလက်ရှိ ဖြစ်နေတဲ့ အခင်းအကျင်းအရ အခု စစ်တပ်က အင်အား ၂၀၀၀ ကျော်ဆိုတော့ တော်တော်များများက ကျဆုံးကုန်တာ၊ ပြေးတာတွေလည်း များတယ်။ အဲတော့ အင်အား ၂၀၀၀ လောက် ထပ်ဖြည့်မှသာ မင်းတပ်နဲ့ ကန်ပက်လက်ကို ရမယ့် အနေအထားမျိုးလို့ တွက်ဆပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
မကွေး၊ ယောဒေသမှတဆင့် ချင်းတောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့တို့ကို စစ်တပ်က ဒရုန်း၊ လေကြောင်းနှင့် လက်နက် ကြီး ပစ်ကူအများအပြားအသုံးပြုပြီး စစ်အင်အား ၂၀၀၀ ကျော်ဖြင့် မေလလယ်ခန့်မှ စတင်၍ စစ်ကြောင်းထိုးလာနေရာ ချင်းပူးပေါင်းတပ်များနှင့် ယနေ့အထိ ထိတွေ့တိုက်ပွဲများ ပြင်းထန်နေသည်ဟု သိရသည်။
လက်ရှိ ချင်းတောင်ပိုင်းမြို့များမှ ဒေသခံပြည်သူများထောင်ချီသည် အိုးအိမ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်ရမှု တစ်လခန့် ရှိလာနေပြီး၊ စစ်တပ်၏ ဖြတ်လေးဖြတ် ပြုလုပ်ခြင်းကိုလည်း ထပ်မံ ရင်ဆိုင်နေရသည့်အတွက် ဆေးဝါး၊ အခြေခံစားနပ်ရိက္ခာနှင့် လူသားချင်းစာနာမှု အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။
ရုပ်သံဟောင်း

