Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးနှင့် တမူးမြို့နယ်က ချင်းတော်လှန်ရေးစခန်းများ လေကြောင်းတိုက်ခိုက်ခံရ၊ ရဲဘော် ၈ ဦးကျဆုံး
Photo - Chinland Channel (ကျဆုံးသွားသော CDF-Hakha ရဲဘော်များ)

ဟားခါးနှင့် တမူးမြို့နယ်က ချင်းတော်လှန်ရေးစခန်းများ လေကြောင်းတိုက်ခိုက်ခံရ၊ ရဲဘော် ၈ ဦးကျဆုံး

0
By Editor on June 29, 2026 Headline

(006SV)

ချင်းပြည်နယ် ဟားခါးမြို့နယ်ရှိ CDF – ဟားခါး၏ တပ်စခန်းများနှင့် တမူးမြို့နယ်ထဲက CNF/ CNA စခန်းကို အာဏာသိမ်း စစ်တပ်က လေကြောင်းတိုက်ခိုက်ရာမှာ ချင်းတော်လှန်ရေး ရဲဘော် ၈ ဦး ကျဆုံးခဲ့သည်။

ဟားခါးမြို့နယ်မှာအခြေစိုက်သည့် CDF – ဟားခါး၏ တပ်ရင်း ၁ စစ်စခန်းနှင့် တပ်ရင်း ၄ ၏ တပ်မဟာရုံးတို့ကို ဇွန်လ ၂၆ ရက် ည ၁၀ နာရီခန့်တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် CDF – ဟားခါး တပ်ရင်း ၁ မှ ရဲဘော် ၄ ဦးနှင့် တပ်ရင်း ၄ မှ ရဲဘော် ၁ ဦး၊ စုစုပေါင်း ၅ ဦး ကျဆုံးခဲ့ရသည်။

“အဲဒါက သူတို့က လေကြောင်းရန်ကာကွယ်ရေးတွေ သုံးလာတဲ့အပြင် ဒရုန်းနည်းပညာကို သူတို့က တော်တော်လေး သုံးလာနိုင်တဲ့ အနေအထားမှာ ရှိတယ်။ သူတို့ အသုံးပြုတဲ့ ဒရုန်းနည်းပညာကြောင့် ကျနော်တို့ရဲ့ ပစ်မှတ်တွေကို ပိုပြီး လက်တွေ့ကျကျ အသုံးပြု လာနိုင်တဲ့ အနေအထားပါပဲ။ အသေးစိတ်တော့ ကျနော် မသိဘူးခင်ဗျ။ ဒေသန္တရ တပ်ဖွဲ့ကတော့ ပိုသိပါမယ်။ ငါးယောက် အသက်ပေးသွားရတယ် ဆိုတာလောက်ပဲ ကျနော် သိပါတယ်။ အခြားထိခိုက်ဒဏ်ရာကတော့ မရှိပါဘူး” ဟု ချင်းအမျိုးသားတပ်ဦး CNF / CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ယမန်နေ့ ဇွန်လ ၂၈ ရက် ညနေ ၄ နာရီခန့်ကလည်း ဟားခါးမြို့မှ မိုင် ၄၀ ခန့်အကွာရှိ မာလ်ဆောမ်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ လူနေအိမ်တချို့ ထိခိုက်ပျက်စီးမှုများ ရှိသည်ဟု သိရသည်။

မာလ်ဆောင်မ်ကျေးရွာက ကျေးရွာဆေးခန်းကို ပစ်မှတ်ထား၍ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆလိုင်း ထက်နီက ပြောသည်။

“သူတို့က ဟားခါးဒေသန္တရ ကာကွယ်ရေးတပ်ဖွဲ့စခန်းရဲ့ လမ်းကြောင်းပေါ်မှာ ရှိတဲ့ မာလ်ဆောင်မ်ရွာက ဆေးခန်းကို ဗုံးကြဲ တာပေါ့နော်။ လူနေအိမ်တချို့တော့ ထိခိုက်မှု ရှိတယ်။ ဒါပေမယ့် ပြည်သူလူထုကတော့ ထိခိုက်မှု မရှိပါဘူး။ အဓိကက အခု သူတို့က ဟားခါးမြို့ပေါ်က စစ်ကောင်စီက ထိန်းချုပ်တယ်။ အဲဒီကနေ သူတို့က နယ်မြေကို တဖြည်းဖြည်းချင်း ချဲ့ပြီးတော့ လုပ်ချင်တဲ့ အနေအထားလို့ မြင်တယ်” ဟု ချင်းအမျိုးသားတပ်ဦး CNF / CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ဇွန်လ ၂၇ ရက်၊ မနက် ၆ နာရီခန့်ကလည်း ကလေး- ကဘော်ဒေသ၊ တမူးမြို့နယ်ထဲရှိ ချင်းအမျိုးသားတပ်မတော် CNF/ CNA ၏ တပ်စခန်းတစ်ခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ချင်းအမျိုးသားတပ်မတော် (CNA) ခမ်းပတ်လှုပ်ရှားတပ်ရင်းမှ ရဲဘော် ၂ ဦးနှင့် Zo Army – ZA မှ ရဲဘော် ၁ ဦးတို့ ကျဆုံးခဲ့သည်ဟု သိရသည်။

“သူတို့က အဲဒီမှာ လေကြောင်းနဲ့ တိုက်ခိုက်မှုက ကျနော်တို့ကိုပဲ မဟုတ်ပဲနဲ့ အဲဒီတစ်လျှောက်မှာ ရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ကိုသော်လည်းကောင်း၊ ကျနော်တို့ကိုလည်းကောင်း တောက်လျှောက် အဲဒီလို လုပ်တဲ့ဟာ ဖြစ်တယ်။ ဒါပေမယ့် ဖြစ်တဲ့ အချိန်မှာတော့ အဲဒီနေရာက တိုက်ပွဲတော့ မရှိဘူး။ အဓိကက ကုန်သွယ်ရေး လမ်းကြောင်းကို သူတို့က ပြန်ပြီး စိုးမိုးချင်တဲ့ သဘောပေါ့။ အဲဒါနဲ့ လေကြောင်းကနေ ကျနော်တို့ကို လာကြဲချတာဖြစ်တယ်” ဟု ချင်းအမျိုးသားတပ်ဦး CNF / CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ရဲဘော် ၃ဦး ကျဆုံးခဲ့သော်လည်း တခြားရဲဘော်များ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။

မိုင် ၈၀ ကျော် ရှည်သော နယ်စပ်ကုန်သွယ်ရေး ကလေး – ခမ်းပတ်- တမူးလမ်းမကို ပြန်ထိန်းချုပ်နိုင်ရေးအတွက် စစ်တပ်သည် ဇွန်လ ဆန်းမှ စတင်၍ ကလေးမြို့မှ စစ်ကြောင်း တစ်ကြောင်း၊ တမူးမြို့မှ စစ်ကြောင်းတစ်ကြောင်း၊ မော်လိုက်မြို့မှ စစ်ကြောင်း တစ်ကြောင်းတို့ဖြင့် အင်အားထောင်ချီ အသုံးပြု၍ ထိုးစစ်ဆင်လာရာ ယနေ့အထိ တော်လှန်ရေးတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွား နေသည်။

ပြီးခဲ့သည့် မေလက စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယ ခရီးစဉ်အပြီးတွင် အဆိုပါလမ်းကြောင်းကို ထိန်းချုပ်နိုင်ရေးအတွက် စစ်တပ်က လေကြောင်းပစ်ကူအများအပြားဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

“တိုက်ပွဲကတော့ သူတို့က မြေပြင်ရော၊ လေကြောင်းကနေပါ ဆက်ပြီးတော့ လုပ်လာတဲ့ သဘောမှာ ရှိတယ်။ အဓိက နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းကို ပြန်ပြီး ထိန်းချုပ်ဖို့ဆိုတဲ့ နှစ်နိုင်ငံသဘောတူညီချက်နဲ့ လုပ်လာတဲ့ အနေအထားပါ။ နောက်တစ်ခု ရှိတာက၊ ဝမ်းနည်းစရာကောင်းတာက အဲဒီမှာ အိန္ဒိယရဲ့ အရှေ့မြောက် လက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း သူတို့က သုံးနေတဲ့ သဘောမှာ ရှိတယ်။ ကျနော်တို့ အဲဒီလို သိရတယ်” ဟု ချင်းအမျိုးသားတပ်ဦးမှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

စစ်တပ်သည် အိန္ဒိယအခြေပြု ကသည်းလက်နက်ကိုင်တပ်ဖွဲ့များနှင့် ရှမ်းနီ (SNA) တပ်ဖွဲ့တို့ အပါအဝင် ပြည်သူ့စစ်၊ ပျူစောထီး တို့နှင့် ပူးပေါင်း၍ အင်အား ၃၀၀၀ ခန့်ဖြင့် ကလေး- တမူးလမ်းကြောင်းကို ထိုးစစ်ဆင်ခြင်းဖြစ်သည်ဟု စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်ကလည်း ခိုနူမ်းသုန်ကို ဖြေကြားထားသည်။

NUG အစိုးရတပ်နှင့် တော်လှန်ရေးပူးပေါင်း တပ်များက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်မှာ သိမ်းပိုက်နိုင်ခဲ့သည့် ကလေး – တမူး လမ်းမပေါ်ရှိ ခမ်းပတ်မြို့ကို စစ်တပ်က ယခုဇွန်လ ပြန်ထိန်းချုပ်ထားပြီဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေး-တမူးလမ်းပိုင်း တကျော့ပြန်တိုက်ပွဲကြောင့် အိန္ဒိယနယ်စပ်ဘက် စစ်ရှောင်ကြသောပြည်သူများ အကူအညီလိုအပ်နေ

မင်းတပ် လေကြောင်းတိုက်ခိုက်မှုမှာ ၁၀ နှစ်ဝန်းကျင် ကလေးငယ် ၃ ဦး သေဆုံး

စစ်တပ်၏ ချင်းတောင်ပိုင်း ထိုးစစ်ကို ချင်း၊ ရခိုင်၊ မကွေး တော်လှန်ရေးအင်အားစုများ ပူးပေါင်းခုခံတွန်းလှန်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.