(006SV)
ကလေး- တမူးလမ်းမပေါ်ရှိ ခမ်းပတ်မြို့အနီးက တော်လှန်ရေးပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် ကနန်ကျေးရွာကို ပြန်လည်သိမ်းပိုက်နိုင်ပြီဖြစ် ကြောင်း အာဏာသိမ်းစစ်တပ်က ထုတ်ပြန်သည်။
ဇွန်လ ၃၀ ရက်မှာ ကနန်ကျေးရွာကို ကလေးမြို့ဘက်မှ စစ်ကြောင်းထိုးလာသော စစ်တပ်သည် အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်ကာ သိမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး အလောင်း၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းများကိုလည်း ရရှိကြောင်း စစ်အစိုးရ၏ ပြန်ကြားရေးက ယနေ့ဇူလိုင်လ ၁ ရက်မှာ ထုတ်ပြန်သည်။
တော်လှန်ရေး ပူးပေါင်းတပ်များသည် စစ်ရေးအရ အချက်အချာ ကျသော ကနန်ကျေးရွာကို လက်မလွတ်ရရေးအတွက် အခိုင်အမာ ခံစစ်ဆင်၍ ခုခံတိုက်ခိုက်ခဲ့ကြောင်း စစ်အစိုးရ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
တမူးဒေသခံတစ်ဦးကတော့ ကနန်းကျေးရွာဘက်တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှု များလည်း ဖြစ်ပွားနေကြောင်း ပြောသည်။
“စကစက ကနန်ကို ပြန်သိမ်းသွားနိုင်တယ်လို့တော့ ကြားထားမိပါတယ်။ လေကြောင်းကနေ အဆက်မပြတ် တိုက်ခိုက်နေ တယ်လေ။ တချို့ ရပ်ကွက်တွေမှာတော့ ထိတွေ့မှု ရှိတုန်းပဲ။ ဒါပေမယ့် PDF တွေဖက်ကလည်း ခမ်းပတ်အမှတ်-၄ ကနေ ပြန်ဝိုင်းလိုက်တော့ ထွက်ပေါက်ပိတ်သွားပြီး ကနန်ဖက်ကို လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲနေပြီး မရမကထိုးဖောက် နေတာလို့ ကြားရတယ်” ဟု တမူးဒေသခံတစ်ဦးက ပြောသည်။
ဇွန်လ ၂၉ ရက်ကလည်း ကျွန်းတောရေရှင်ကျေးရွာ၏ မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာတွင် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စခန်းတချို့ကို သိမ်းဆည်းရမိကြောင်း စစ်အစိုးရ၏ ပြန်ကြားရေးက ထုတ်ပြန်ထားသည်။
ကလေး- တမူး လမ်းကြောင်းကို အမြန်ဆုံး ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ရေး လုပ်ငန်းနှင့် ယင်းဒေသများတွင် စစ်အစိုးရ ယန္တရာများ ပြန်လည်ပတ်နိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဟု စစ်အစိုးရက ထုတ်ပြန်ထားသည်။
ဇွန်လအတွင်း ကနန်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အများအပြား ပြုလုပ်ခဲ့ရာ နေအိမ်အဆောက်အဦးများ၊ အိမ်မွေး တိရစ္ဆာန်များ ထိခိုက်ပျက်စီးခဲ့ပြီး ဇွန်လ ၂၂ ရက် လေကြောင်းတိုက်ခိုက်မှုတွင် ကနန်ရွာ၊ ရပ်ကွက် C ထဲက ချင်းလူမျိုး၊ အသက် ၃၆ နှစ်အရွယ် LaIpanmawia သေဆုံးခဲ့သည်ဟု သိရသည်။
မိုင် ၈၀ ကျော် ရှည်သော ကလေး – တမူးလမ်းမကို ပြန်ထိန်းချုပ်နိုင်ရေးအတွက် စစ်တပ်သည် ဇွန်လ ဆန်းမှ စတင်၍ ကလေး၊ တမူး၊ မော်လိုက်မြို့တိုမှ အင်အားထောင်ချီ အသုံးပြု၍ ထိုးစစ်ဆင်လာခဲ့ရာ တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရသည်။
အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်က ခမ်းပတ်မြို့၊ ကနန်ကျေးရွာနှင့် အနီးဝန်းကျင်ဒေသများကို NUG အစိုးရတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်မှာ ထိန်းချုပ်နိုင်ခဲ့သော်လည်း လက်ရှိ ဇွန်လထဲမှာ ခမ်းပတ်နှင့် ကနန်ရွာတို့ကို ပြန်လည်လက်လွှတ်ခဲ့ရသည်ဟု သိရသည်။
Photo-MOI

