(006SV)
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့ပေါ်နှင့် တွန်းဇံမြို့နယ်ထဲက ကျေးရွာများမှ ဒေသခံပြည်သူထောင်ချီသည် လချီကြာမြင့်စွာ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရသည့်အတွက် ဆေးဝါး၊ အခြေခံစားနပ်ရိက္ခာအပါအဝင် လူသားစာနာအကူအညီများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။
မေလမှ စတင်၍ တွန်းဇံမြို့ပေါ်နှင့် မြို့အနီးဝန်းကျင်က ကျေးရွာများ၊ တွန်းဇံမြို့အရှေ့ဘက်ရှိ ကလေးနှင့် တမူး၊ ခမ်းပတ်မြို့ နယ်ကြားက ကျေးရွာများမှ ဒေသခံပြည်သူများသည် နေရပ်စွန့်ခွာနေရပြီး ခက်ခဲကျပ်တည်းမှု များစွာ ကြုံတွေ့နေရကြောင်း တွန်းဇံမြို့နယ်ပြည်သူ့အပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
“တွန်းဇံမြို့ပေါ်နဲ့ တွန်းဇံမြို့အနီးတဝိုက်က ကျေးရွာတွေက စစ်ဘေးရှောင်နေရတယ်။ အဲဒါတွေက အခုချိန်မှာ တော်တော်လေးကို အခက်အခဲကြုံနေရတယ်။ ပြည်သူလူထုတွေက တွန်းဇံမြို့နယ်မှာ စစ်ဘေးရှောင်နေရတဲ့အတွက် စားဝတ်နေရေး၊ အမိုးအကာ ၊ ဆေးဝါးတွေ အများကြီး လိုအပ်တဲ့အတွက်ကြောင့်မို့ ကူညီဖို့ တင်ပြချင်ပါတယ်” ဟု တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
တွန်းဇံမြို့ပေါ်နှင့် နတ်ဇန်၊ လုံတပ်၊ ခမ်ဇန်ကျေးရွာများအပါအဝင် ကျေးရွာပေါင်း ၃၀ ခန့်က ဒေသခံပြည်သူများ စစ်ဘေး ရှောင်နေရပြီး လတ်တလောစာရင်းအရ စစ်ဘေးရှောင် ၁၇,၀၀ ကျော် ရှိကာ ယခုစာရင်းထက်ပိုများပြား နိုင်သည်ဟု သိရသည်။
တွန်းဇံမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူများသည် မည်သည့်အဖွဲ့အစည်းထံမှ အကူအညီများ မရရှိသောကြောင့် နှလုံး၊ ပန်းနာရင်ကျပ်၊ အစာအိမ်စသည့် နာတာရှည်ရောဂါနှင့် တပ်ကွေးကဲ့သို့ ရာသီပေါ်ရောဂါများ ဖြစ်ပွားနေသည့် စစ်ဘေးရှောင် များအတွက် ဆေးဝါးအကူအညီများ လိုအပ်နေပါသည်။
တောတောင်ထဲတွင် စစ်ဘေးရှောင်နေရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးငယ်များ၊ သက်ကြီး ရွယ်အိုများမှာလည်း မိုးကာတဲဖြင့်သာ နေထိုင်နေရသည်အခြေအနေများ ရှိနေကြောင်း သိရသည်။
“စစ်ဘေးရှောင်တွေဟာ တော်တော်လေး ခက်ခဲနေတယ်။ တိုက်ပွဲဖြစ်ပြီးဆိုရင် စစ်ဘေးရှောင်ရတာကတော့ အမြဲတမ်း ရှိတယ်။ ဒါပေမယ့် ဒီတစ်ခေါက် စစ်ဘေးရှောင်ရတာက ခဏ ရှောင်ပြီး ပြန်ဝင်နိုင်တာမျိုး မဟုတ်တော့ဘူး။ အဓိက တွန်းဇံမြို့နယ်တဝိုက်မှာ ရှိတဲ့ စစ်ဘေးရှောင်တွေဆိုရင် တောထဲတောင်ထဲမှာ စစ်ဘေးရှောင်ရတဲ့ သူ ရှိသလို၊ ကလေးမြို့ဘက်မှာ ရှောင်တဲ့ လူလည်း ရှိတယ်။ ဒါပေမယ့် ဘယ်နေရာပဲ ရောက်ရောက် သူတို့က အကုန်လုံးက အခက်အခဲတွေက ရှိတယ်။ အဓိက အခက်အခဲဆုံးကတော့ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးသူငယ်တွေက တောတောင်ထဲမှာ ရှောင်နေရတဲ့ စစ်ဘေးရှောင်တွေကတော့ ကျန်းမာရေး၊ စားဝတ်နေရေးတွေက တော်တော်လေးကို ဒုက္ခရောက်နေတယ်။ ကျနော်တို့ သိရသလောက်က သူတို့လည်း ခဏတောင် ပြန်နိုင်နဲ့ အခြေအနေ မရှိတဲ့အတွက်ကြောင့်မို့ မြန်မာဘက်ကပဲ ဖြစ်ဖြစ်၊ နိုင်ငံခြားကပဲ ဖြစ်ဖြစ် တွန်းဇံမြို့နယ်က စစ်ဘေးရှောင်တွေကို တချက်လောက် ငဲ့ကြည့်ပြီး ကူညီပေးကြပါ” ဟု တွန်းဇံမြို့ပအဖမှ တာဝန်ရှိသူက ပြောသည်။
၂၀၂၄ ခုနှစ် မေလက တွန်းဇံမြို့အခြေစိုက် CDF – တွန်းဇံနှင့် ချင်းပူးပေါင်းတပ်တို့သည် တွန်းဇံမြို့ကို သိမ်းပိုက် ထိန်းချုပ်ပြီး ပြည်သူ့အုပ်ချုပ်ရေးယန္တရားနှင့် ဝန်ဆောင်မှုများကို ၂ နှစ်နီးပါးကြာ အကောင်အထည်ဖော် ဆောင်ရွက်နေစဉ် ZRA – EC တပ်ဖွဲ့သည် စစ်တပ်နှင့် ပူးပေါင်း၍ တွန်းဇံကို ၂၀၂၆ မေလ ၁၉ ရက် ပြန်လည် ထိုးစစ်ဆင် သိမ်းပိုက်ခဲ့သည်။
အာဏာသိမ်းစစ်တပ်နှင့် ZRA – EC ပူးပေါင်းတပ်တို့ တွန်းဇံမြို့ကို ပြန်လည်သိမ်းယူပြီး နှစ်ပတ်ခန့်အကြာတွင် တွန်းဇံ ပြည်သူများအနေဖြင့် မိမိတို့၏ နေအိမ်ကို ဘေးကင်းစွာ ပြန်လည်နေထိုင်နိုင်ပြီဟု ZPCC/ ZRA – EC က မေလ ၃၁ ရက်မှာ ထုတ်ပြန်ထားသည်။
သို့သော်လည်း တွန်းဇံမြို့နှင့် ကျေးရွာများကို ဒေသခံပြည်သူ အနည်းငယ်သာ ပြန်လည်ဝင်ရောက်နိုင်ပြီး CDM ပြုလုပ်သော မိသားစုများ၊ CDF ထောက်ပံ့ကူညီသူများ၊ ZRA တပ်ဖွဲ့နှင့် မသင့်မြတ်ကြသော ဒေသခံပြည်သူများသည် စစ်တပ်နှင့် ZRA – EC တို့၏ ရန်ကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရဆဲဖြစ်သည်ဟု သိရသည်။

