(006SV)
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်နှင့် အာရက္ခဒေသအတွင်းရှိ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင် ရန်အတွက် ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/ MDF) က ကျပ်သိန်း ၅၀ ကို ULA/ AA ထံသို့ ထောက်ပံ့လှူဒါန်းခဲ့သည်ဟု သိရသည်။
ဇူလိုင်လ ၁၄ ရက်က ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး (HDCO) ထံသို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့-MTC/MDF တပ်ဖွဲ့က ပေးအပ်ခဲ့သည်ဟု သိရသည်။
“ကျနော်တို့ လှူဒါန်းခဲ့တာ မှန်ပါတယ်။ ဇူလိုင်လ ၁၄ ရက်က လှူဒါန်းခဲ့ပါတယ်။ သဘာဝဘေးဒဏ်တစ်ခုကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူလူထုတွေအတွက် လိုအပ်တဲ့ နည်းနည်းများ အထောက်အကူ ဖြစ်မလာဆိုပြီးတော့ပေါ့လေ၊၊ ငွေကျပ်သိန်း ၅၀ လှူဒါန်းခဲ့ပါ တယ်” ဟု မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့-MTC/MDF မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
ချင်းပြည်နယ်၊ မရာဒေသအခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့ MTC/ MDF သည် အာရက္ခတပ်တော် (ULA/AA) ၏ ချင်းတော်လှန် ရေး မဟာမိတ်တပ်ဖွဲ့များထဲတွင် အစောဆုံး မဟာမိတ်အဖွဲ့တစ်ခုဖြစ်ပြီး ပလက်ဝမြို့နယ်ထဲက စခန်းသိမ်းတိုက်ပွဲကြီးများတွင် ပါဝင်တိုက်ခိုက်ခဲ့ဖူးသည်ဟု သိရသည်။
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ချင်းတောင်ပိုင်း၊ ပလက်ဝမြို့နယ်နှင့် အာရက္ခဒေသက မြို့နယ် ၇ ခုထက်မနည်းတွင် ဇူလိုင်လ ပထမပတ်မှစတင်၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူ တစ်သိန်းခန့် ရေဘေးသင့်ခဲ့သည်ဟု သိရသည်။
ရေဘေးသင့်ပြည်သူ ထောင်ချီသည် စားနပ်ရိက္ခာ၊ အမိုးအကာနှင့် သောက်သုံးရေ စသဖြင့် လူသားစာနာမှု အကူအညီများ လိုအပ်နေသည်ဟု သိရသည်။
လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး (HDCO) ရုံးသည် လက်ရှိရေဘေးကို “တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်လာသည့် အခြေအနေ” အဖြစ် သတ်မှတ်ပြီး ရေဘေးတုံ့ပြန် ရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟု သိရသည်။
ရေဘေးသင့်နေရာဒေသများမှာ ရှိနေသော ပြည်သူများ၊ တက်ကြွလူငယ်များ၊ လူမှုအဖွဲ့အစည်းများအနေဖြင့် အင်အားနက် အသုံးပြုနိုင်ခြင်း သို့မဟုတ် အင်တာနက် အသုံးပြုရန် လက်လှမ်းမိသော အခြေအနေတွင် ရှိပါက ရေဘေးနှင့် ပတ်သက်၍ တိကျသော အချက်အလက်များ ပေးပို့ခြင်း၊ အရေးပေါ် အကူအညီလိုအပ်ချက်များ တောင်းခံခြင်းကို HDCO.ULA@outlook.com နှင့် @ULAHDCOAVM (တယ်လီဂရမ်) သို့ ဆက်သွယ်ဆောင်ရွက်နိုင်သည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ထံမှ သိရသည်။

