(004SS)
ကလေးမြို့၊ မွန်းလိုင်နှစ်ခြင်းဘုရားကျောင်းအနီး ဗိုလ်ချုပ်လမ်းပေါ်တွင် စနေနေ့ညပိုင်းက နာရေးမှပြန်လာသည့် အမျိုးသားနှစ်ဦးကို အာဏာသိမ်းစစ်တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဩဂုတ်လ ၁ ရက် ည ၉ နာရီခွဲခန့်တွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ည ၁၁ နာရီခွဲအချိန်တွင် တဟန်း ZYA လူမှုကူညီရေး အသင်းမှ ဒဏ်ရာရရှိသူများကို ကလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်ဟု နာရေးကူညီသူအဖွဲ့ထံမှ သိရသည်။
ပစ်ခတ်ခံရမှုကြောင့် ဆိုင်ကယ်တစီးတွင် အတူလိုက်ပါစီးနင်းလာသော အမျ်ုးသား ၂ ဦးမှာ တင်ပါးနှင့် ပေါင်တွင် ပြင်းထန်ဒါဏ်ရာရရှိခဲ့ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“အဲဒီညက ချင်းအမျိုးသား ၂ ဦး ဆိုင်ကယ်တစ်စီးနဲ့ အသုဘကအပြန် လမ်းမှာ စစ်သားတွေက သေနတ်နဲ့ပစ်လိုက်တာ။ တစ်ယောက်က တင်ပါးမှာ မှန်တာ အနာက တော်တော်ပြင်းထန်တယ်။ နောက်တစ်ယောက်ကိုတော့ ပေါင်မှာ ထိတာ အကြီးကြီးပဲ့သွားတယ်။ ဒါဏ်ရာကတော့တော်တော်ပြင်ထန်တယ်။” ဟု ၎င်းက ပြောသည်။
စစ်တပ်က ရန်ကုန်ကဲ့သို့ မြို့ကြီးအချို့တွင် ညမထွက်ရအမိန့် ပြန်လည်ရုပ်သိမ်းပေးခဲ့သော်လည်း စစ်ရေးတင်းမာနေသည့် ကလေးမြို့အပါအဝင် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် စစ်အုပ်ချုပ်ရေး (Martial Law) နှင့် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို ဆက်လက်ကျင့်သုံးနေဆဲဖြစ်သည်။
ထို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် မိမိတို့၏ လုံခြုံရေးကို ဦးစားပေးသင့်ပြီး စစ်တပ် သို့မဟုတ် တော်လှန်ရေး အဖွဲ့များက ထုတ်ပြန်ထားသည့် ညမထွက်ရ စည်းကမ်းများကို သေချာစွာ လိုက်နာကြရန် လိုအပ်ကြောင်းလည်း ဒေသခံများက ပြောသည်။
ထို့အပြင် လက်ရှိ ကလေးမြို့ပေါ်တွင် အာဏာသိမ်းစစ်တပ်ဖွဲ့ဝင်များသည် မြို့ပေါ်ရပ်ကွက်များနှင့် လမ်းဆုံလမ်းခွများတွင် စစ်ဆေးရေးဂိတ်များချကာ စစ်ဆေးခြင်းနှင့် ကင်းလှည့်ခြင်းများကို တင်းကျပ်စွာ ပြုလုပ်လျက်ရှိပြီး စစ်ဝတ်စုံဖြင့် လည်းကောင်း၊ အရပ်ဝတ်ဖြင့်လည်းကောင်း ရပ်ကွက်များအတွင်း လူငယ်များကို မကြာခဏ ဖမ်းဆီးလျက်ရှိကာ အများစုမှာ ငွေကြေးဖြင့်ရွေးခွင့်မရတော့ဘဲ ပြန်မလည်လွတ်မြောက်လာခြင်းမရှိတော့ကြောင်း ဒေသခံများက ဆိုသည်။
တစ်ဖက်တွင်လည်း အသွင်းပြောင်း စစ်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်၏ ရက် ၁၀၀ ပြည့် မိန့်ခွန်းတွင် တပ်မတော်ကို တိုက်စွမ်းအားရှိဖို့ရန် လိုအပ်သော အရင်းအမြစ်များ ရရှိရေးနှင့် စစ်မှုထမ်းဥပဒေကို ဆက်လက်အကောင်အထည် ဖော်မည်ဟု ပြောကြားထားသည်။
ထို့ကြောင့် အခြား တိုင်းနှင့် ပြည်နယ်အချို့တွင် အမျိုးသားအများစု တိမ်းရှောင်/ဖမ်းဆီးခံထားရသဖြင့် ယောက်ျားလေးများ မရှိတော့သည့်အတွက် မိန်းကလေးများကိုပါ ပေါ်တာဆွဲ ဖမ်းဆီးမှုများလည်း ရှိနေကြောင်းသိရသည်။

