(006SV)
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က ယမန်နေ့က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၂၉ ရက် ညနေ ၄ နာရီခန့်က မင်းတပ်မြို့ပေါ် တစ်နေရာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါက်ကွဲအားပြင်း ဗုံး ၂ လုံး ကြဲချတိုက်ခိုက်သွားသည်ဟု မင်းတပ်ဒေသခံတစ်ဦးထံမှ သိရသည်။
စစ်တပ်က မင်းတပ်မြို့ပေါ်ကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်သွားခြင်းဖြစ်ပြီး မြို့ပေါ် နေအိမ် ၈ လုံးခန့် ထိပျက်စီးသွားသည်ဟု မင်းတပ်ဒေသခံတစ်ဦးထံမှ သိရသည်။
ယမန်နေ့ ည ၇ နာရီဝန်းကျင်ခန့်ကလည်း မင်းတပ်မြို့ပေါ် တစ်နေရာကို စစ်တပ်က ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံး ၂ လုံး အသုံးပြု၍ ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့ပြီး မြို့ပေါ်နေအိမ် ၃ လုံးခန့် ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။
မင်းတပ်မြို့ပေါ်နေရာများကို စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အောက်တိုဘာလ ၂၅ ရက်တွင် နေအိမ် ၇ လုံးကျော် ထိခိုက်ပျက်စီးပြီး အောက်တိုဘာလ ၂၄ ရက်တွင် နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးကြောင်း၊ အောက်တိုဘာလ ၂၂ ရက်ကလည်း မင်းတပ်မြို့အနီးနေရာများကို Y- 12 နှင့် ဂျက်ဖိုက်တာများ အုပ်စုလိုက် အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
မင်းတပ်မြို့၊ ကန်ပက်လက်မြို့နှင့် ကျင်ဒွေးမြို့သို့ ဦးတည်ထိုးစစ်ဆင်နေသော စစ်တပ်နှင့် CPU/ CPA နှင့် မဟာမိတ် ပူးပေါင်းတပ်များသည် ကန်ပက်လက်မြို့၊ ကျင်ဒွေးမြို့၊ မင်းတပ်မြို့နှင့် ရွှေအောင်သာရွာ စသည့် စစ်မျက်နှာ ၄ ခုတွင် ယခုနှစ်၊ မေလ ၁၆ ရက်မှ စတင်၍ ၅ လနီးပါး တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်တပ်က စစ်အင်အား ငါးကြိမ်အထိ ဖြည့်တင်းခဲ့ကြောင်း CPU/ CPA ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

