(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် ရပ်ကွက်တိုင်းနီးပါးတွင် စစ်တပ်နှင့် လူဝန်မှုကြီးကြပ်ရေးဌာန(လဝက) တို့သည် အိမ်ထောင်စုစာရင်းစစ်ဆေးသည်ဟုအကြောင်းပြကာ စစ်မှုထမ်းအရွယ်ရှိသော လူငယ်များ၏ စာရင်းကောက်၍ စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးမှုပိုကြမ်းလာသည်ဟု သိရသည်။
အသက် (၁၈) နှစ်မှ အသက် (၃၅) နှစ်ရွယ်ရှိသူများကို နာမည်စာရင်းဖြင့် အိမ်တိုင်ရာရောက် စစ်မှုထမ်းဆင့် ခေါ်စာ ပေးပို့နေပြီး အသက်အရွယ်မပြည့်မီသေးသည့် လူငယ်များအား ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်းနေကြောင်း ကလေး မြို့ခံတစ်ဦးက ပြောသည်။
ကလေးမြို့ဒေသခံက “အိမ်တိုင်ရာရောက်စစ်မှုထမ်း စစ်ခေါ်စာတွေပို့တယ်။ အဆိုးဝါးဆုံးကတော့ နိုင်ငံရေးအမှုနဲ့ ဖမ်းခံထားရတာ ထောင်နှစ်ရှည်ကျတဲ့ အိမ်ကိုရောက်လာပြီးထောင်ကျနေတယ်လို့ ပြောတာတောင်မရဘူး သူ့မိဘ တွေကထောင်ကိုသွားပြီးမှ ထောက်ခံစာသွားယူရတယ်၊ နောက်ကံပုလဲရွာ မှာဆိုရင် စစ်မှုထမ်းစာရင်းပါတာ သေပြီးတဲ့ စာရင်း ၃ ယောက်ပါတယ်လို့ပြောတယ်။ သေပြီးတာ တောင်မရဘူး၊ မယုံဘူးပေါ့။ နိုင်ငံခြားသွားတဲ့သူတွေဆိုရင် ပတ်စပို့ပြ၊ ပြန်ခေါ်ဆိုတဲ့ပုံစံ အဲ့မျိုးလုပ်တယ်။နောက် ချမ်းမြေ့အောင်စည်ရပ်ကွက်ထဲမှာဆိုရင် ဈေးဝယ်နေတဲ့ ချင်းတိုင်းရင်းသားလေး ၂ ယောက်စလုံးကိုဖမ်းတယ် တရွက်တိုက်ဖမ်း ဆွဲခေါ်သွားတယ်။ အရင်ထက်ကို ပိုပြီး ဖိဖိစီး စီးလုပ်လာတယ်၊ ပိုပြီးတော့ ယုတ်မာလာတယ်။” ဟုပြောသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတဦးမင်းအောင်လှိုင်သည် စစ်မှုထမ်းဥပဒေအား ဆက်လက်အကောင်အထည် ဖော်မည်ဟု ပြည်ထောင်စုလွှတ်တော်မှာ ပြောဆိုခဲ့ပြီးနောက် ကလေးမြို့ပေါ်တွင် စစ်မှုထမ်းဖမ်းဆီးမှု သိသိသာသာ တိုးလာကြောင်း ၎င်းကပြောသည်။
စစ်မှုထမ်းဥပဒေအရ အသက်အရွယ်အကျုံးမဝင်သေးသည့် နဝမတန်း (Grade-9) ကျောင်းသားတစ်ဦးအား ဒသမတန်း (Grade-10) အောင်မြင်ပြီးပါက စစ်မှုထမ်းပါမည်ဟု ခံဝန်ကတိလက်မှတ် ရေးထိုးခိုင်းသည့်ဖြစ်စဉ်များလည်းရှိနေ သည်ဟု သိရသည်။
“၉ တန်းကျောင်းသားလေးအိမ်ကိုရောက်သွားတယ်။ ၉ တန်းပဲရှိ သေးတော့ မခေါ်သွားဘူး၊ ဒါပေမယ့် ခံဝန်လက်မှတ်ထိုး ခိုင်းတယ်။၁၀ တန်းပြီး တာနဲ့ ချက် ချင်းဝင်ရမယ်ဆိုတဲ့ ပုံစံမျိုး။ သူတို့က လ.ဝ.က နဲ့ပေါင်းပြီးတော့ စာရင်းတွေရတာ။ နောက်ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှုးတွေရွေးမယ်ဆိုပြီး ရပ်ကွက်မှာရှိတဲ့ အိမ်တိုင်းကို လိုက်ပြီးတော့ အိမ်ထောင်စု စာရင်းတွေ လိုက်တယ်၊ ပြခိုင်းတယ်၊ ဓာတ်ပုံရိုက်တယ် အဲ့လိုမျိုးနဲ့ အိမ် ထောင်စုထဲက စစ်မှုထမ်းတဲ့ အရွယ်ရှိတဲ့ အိမ်တွေကို စစ်မှုထမ်းစစ်ခေါ်စာတွေပို့တာ။” ဟု ကလေးမြို့ခံကပြောသည်။
လက်ရှိ ကလေးမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အောင်သစ္စာ၊ ချမ်းမြေ့အောင်စည်၊ ညောင်ပင်သာ၊ မင်္ဂလာဥယျာဉ်၊ အောင်မြေမာန်၊ အောင်မင်္ဂလာ နှင့် ကံပုလဲ ရပ်ကွက်တို့တွင် အိမ်တိုင်ရာရောက်စစ်မှုထမ်းဆင့်ခေါ်စာပေးပို့ခြင်းများ ပြုလုပ်နေသည် ဟု သိရသည်။

