Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

0
By Editor on September 4, 2026 Featured

“နေ့လည် ၁၁ နာရီမှာ ဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာတယ်။ ကိုင်လိုက်တော့ ‘သား အဖမ်းခံရတယ် ကူညီပါဦး’ လို့ စကားတိုတိုပြတ်ပြတ်ပြောပြီး ပြန်ကျသွားတဲ့ ကျမသားရဲ့ ဖုန်းခေါ်ဆိုမှုအပြီးမှာတော့ ကျမရင်တွေ ပေါက်ကွဲမတတ်ဖြစ်ပြီး မျက်ရည်က အလိုလိုစီးကျလာတယ်…”

ဝမ်းနည်းကြေကွဲသံ၊ တုန်လှုပ်ချောက်ချားသံတို့ ဖြစ်နေသည့် စကားလုံးများကို ဒေါ်ကတ်နူး (အမည်လွှဲ) က ထိန်းမနိုင်သိမ်းမရ ပြန်လည်ပြောပြနေခြင်းဖြစ်သည်။ ဒါဟာ အိပ်မက်ဆိုးတစ်ခုမဟုတ်ဘဲ စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်က စစ်အာဏာသိမ်းပြီးနောက်ပိုင်း သားသည်မိခင်တိုင်း ကြုံတွေ့နေရသည့် အရှိန်အဟုန်ပြင်းသော လက်တွေ့ဘဝရဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။

ချင်းပြည်နယ် မတူပီမြို့မှ ကလေးမြို့သို့ စစ်အာဏာမသိမ်းမီကတည်းက ပြောင်းရွှေ့အခြေချခဲ့သည့် ဒေါ်ကတ်နူးတို့ မိသားစုလေးယောက်၏ ဘဝသည် ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ကပ်ဆိုးကြီးအတွင်း အိမ်ထောင်ဦးစီးဖြစ်သူ ဆုံးပါးသွားခဲ့စဉ်ကတည်းက ယိမ်းယိုင်ခဲ့ရသည်။ ထိုစဉ်က ကိုဗစ်ဝေဒနာရှင်အိမ်ဖြစ်၍ မည်သူမျှ မကူညီရဲ၊ မလာရဲသည့် ဒုက္ခကြားမှ အကြီးဆုံးသား၏ ရှာဖွေထောက်ပံ့မှု၊ မိခင်ဖြစ်သူ၏ တစ်နိုင်တစ်ပိုင် ယက္ကန်းလုပ်ငန်းတို့ဖြင့် အငယ်ဆုံးသမီးလေး၏ ပညာရေးကို တတ်နိုင်သမျှ တောင့်ခံရင်း ရှေ့ဆက်ခဲ့ကြသည်။

သို့သော်လည်း ယခုအခါ အိမ်၏ ဒေါက်တိုင်ဖြစ်သော အကြီးဆုံးသားဖြစ်သူ ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရသည့်အဖြစ်သည် လင်ယောက်ျား ဆုံးပါးစဉ်ကထက်ပင် ပိုမိုပြင်းထန်သော သောကမီးကို မွေးဖွားပေးလိုက်တော့သည်။

“တစ်ယောက်တည်းရှိတဲ့ ကျမသား ပေါ်တာဆွဲခံရတယ်ဆိုတာကြားရတော့ ရင်တွေပူလောင်ပြီး အမျိုးစုံလျှောက်တွေးမိတယ်။ ငါ့ကလေးကို သူတို့ ရှေ့တန်းပို့လိုက်တော့မှာလား… တကယ်ပဲ ရှေ့တန်းရောက်သွားရင် ဘာလုပ်ရမလဲ… ပိုက်ဆံနဲ့ရော ရွေးလို့ရမလား…” ဟု သူမက သောကပူစနစ်စွာဖြင့် ရင်ဖွင့်သည်။

မြို့ပြလမ်းမထက်က အတင်းအဓမ္မ ဖမ်းဆီးမှုများနှင့် ခြောက်လှန့်ခံနေရသော နေ့ရက်များ

စစ်ကောင်စီခေါင်းဆောင်၏ စစ်မှုထမ်းဥပဒေကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်မည်ဆိုသည့် ပြောဆိုချက်အပြီးတွင် ကလေးမြို့ပေါ်၌ စစ်မှုထမ်းရန်အတွက် လူငယ်၊ လူလတ်ပိုင်းများကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ သာမန်ထက် ပိုမိုဆိုးရွားစွာ အရှိန်မြင့်တက်လာခဲ့သည်။

စစ်တပ်၊ လူဝင်မှုကြီးကြပ်ရေး (လဝက) နှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူစစ်အဖွဲ့များသည် လှည့်ကင်းများ၊ ကင်းပုန်းစနစ်များဖြင့် မြို့တွင်း၌ လှည့်ပတ်ကာ သတ်မှတ်လူဦးရေပြည့်သည်အထိ ရုတ်တရက် ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။ အထူးသဖြင့် ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်၊ မင်းကြီးဟိုတယ်အရှေ့၊ ပင်လုံမီးပွိုင့်၊ စံပြလမ်းထောင့်၊ ဘူတာလမ်းခွဲ၊ ပင်လုံလမ်းမတော် ကားလေးဝန်းထိပ်၊ တောင်သာရပ်ကွက်၊ မြို့လှလမ်းမကြီး၊ စမ်းမြို့ဘုန်းကြီးကျောင်းအရှေ့နှင့် တာဟန်းဘက်ရှိ လမ်းကြိုလမ်းကြားများအထိ စစ်ဆေးဖမ်းဆီးမှုများ ခပ်စိပ်စိပ် ပြုလုပ်နေကြသည်။

တာဟန်းရပ်ကွက်တွင် နေထိုင်သည့် ကျောင်းဆရာ ကိုဗစ်တာ ကလည်း သူကြုံတွေ့ခဲ့ရပုံကို – “ဘုရားကျောင်းကအပြန် လမ်းပေါ်မှာ စစ်ဝတ်စုံဝတ်ထားတဲ့သူတွေက လှမ်းတားလို့ ရပ်လိုက်တာ။ ဘယ်ကလဲ၊ ဘာလုပ်လဲ စစ်မေးပြီး ခဏလိုက်ခဲ့ဖို့ပြောတယ်။ ကျနော်က ကျောင်းမှာ စာသင်နေတဲ့ ဆရာဖြစ်ကြောင်း အထောက်အထားတွေပြမှ ပြန်လွှတ်လိုက်တာ” ဟု ဆိုသည်။

အိမ်တိုင်ရာရောက် ဖိနှိပ်မှုများနှင့် သေဆုံးသူများကိုပင် စာရင်းသွင်းသည့် စနစ်

မြို့ပေါ်ရှိ အောင်သစ္စာ၊ ချမ်းမြေ့အောင်စည်၊ ညောင်ပင်သာ၊ မင်္ဂလာဥယျာဉ်၊ အောင်မြေမာန်၊ အောင်မင်္ဂလာနှင့် ကံပုလဲ စသည့် ရပ်ကွက်များတွင် အိမ်ထောင်စုစာရင်း စစ်ဆေးမည်ဟု အကြောင်းပြကာ စစ်မှုထမ်းအရွယ် လူငယ်များ၏စာရင်းကို ကောက်ယူပြီး အိမ်တိုင်ရာရောက် စစ်မှုထမ်းဆင့်ခေါ်စာ ပေးပို့နေကြသည်။

အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား လူငယ်များကို နာမည်စာရင်းဖြင့် ခေါ်ယူနေသလို၊ အသက်အရွယ် မပြည့်သေးသည့် Grade – 9 ကျောင်းသားများကိုပင် Grade -10 အောင်မြင်ပါက စစ်မှုထမ်းရမည်ဟု ခံဝန်ကတိ ရေးထိုးခိုင်းသည့် ဖြစ်စဉ်များ ရှိနေသည်။

ဒေါ်ကျိန်းမန်း (အမည်လွှဲ) ၏ ပြောပြချက်အရ ဖိနှိပ်မှု၏ မရေရာလှသော ပုံရိပ်မှာ ပိုမိုထင်ရှားလာသည်။ “ကျမသားက နိုင်ငံရေးအမှုနဲ့ ထောင်နှစ်ရှည်ကျနေတာ။ အိမ်ကို ဆင့်ခေါ်စာရောက်လာလို့ ထောင်ကျနေတယ်ပြောတာတောင် မရဘူး၊ မိဘတွေက ထောင်ကိုသွားပြီး ထောက်ခံစာ သွားယူပေးရတယ်။ ပိုဆိုးတာက ကံပုလဲရွာမှာဆို ကျမညီမရဲ့သား ၃ ယောက်စလုံး စစ်မှုထမ်းစာရင်း ပါလာတယ်။ ပါတဲ့ ၃ ယောက်စလုံးက ဆုံးပါးသွားပြီးသား။ သေပြီးသားဆိုတာကိုတောင် မယုံဘူး။ နိုင်ငံခြားရောက်နေသူဆိုရင်လည်း ပတ်စပို့ပြ၊ ပြန်ခေါ် ဆိုတဲ့ပုံစံမျိုးတွေ လုပ်နေကြတာ” ဟု သူမက ဆိုသည်။

လုပ်ကိုင်စားသောက်ရန် လမ်းမထက်ထွက်ရသည့် အောက်ခြေလူတန်းစားများအတွက်လည်း ဒီအခြေအနေသည် ငတ်မွတ်ခြင်းနှင့် ဖမ်းဆီးခံရခြင်းကြား ဗျာများရသည့် အခြေအနေဖြစ်သည်။ ဆိုက်တွဲမောင်းသူတစ်ဦးက “သူတို့က ပေါ်တင်ဆွဲတာဆိုတော့ ဆိုက်တွဲမောင်းရတာလည်း မလုံခြုံတော့ဘူး။ မဆွဲရင်လည်း စားဖို့ကခက်၊ ထွက်ပြန်ရင်လည်း ပေါ်တာဆွဲခံရမှာ စိုးရိမ်ရတယ်” ဟု သက်ပြင်းချရင်း ပြောသည်။

ငွေကြေးဖြင့် ပြန်လည်ရွေးချယ်ရသည့် ဘဝများနှင့် စီးပွားရေးအဖြစ် အမြတ်ထုတ်မှု

ပေါ်တာဆွဲခံလိုက်ရသည့် လူငယ်များကို ပြန်လည်လွတ်မြောက်ရေးအတွက် မိသားစုများမှာ ပွဲစားများမှတစ်ဆင့် သိန်းဂဏန်းအမြောက်အမြား ပေးဆောင်ကာ ပြန်လည်ရွေးယူနေကြရသည်။ ပေါက်ဈေးမှာ ငွေကျပ် ၄၅ သိန်းမှ ၇၅ သိန်းအထိရှိနေပြီး၊ ငွေပေးသော်လည်း လူလိုအပ်ချက်အရ စစ်သင်တန်းသို့ တန်းပို့ခံရသူများပင် ရှိနေသည်။

ဒေါ်ကတ်နူး၏ သားဖြစ်သူသည် လမ်းတွင် စစ်ဝတ်စုံမဝတ်ထားသည့်အဖွဲ့၏ တားဆီးခြင်းကို ခံခဲ့ရပြီး ဘာမှရှင်းပြခွင့်မရဘဲ အချုပ်ခန်းထဲသို့ တန်းရောက်သွားခဲ့ရသူဖြစ်သည်။

“အဝေးကကြည့်တော့ စစ်ဝတ်စုံနဲ့မဟုတ်လို့ ရှင်းလို့ရမယ်အထင်နဲ့ ရပ်ပေးလိုက်တာ။ ဘာမှပြောချိန်မရဘူး၊ ကားပေါ်တက် ဘာမှမပြောနဲ့ စခန်းရောက်မှပြောဆိုပြီး ကျနော်အပါအဝင် ၁၀ ယောက်လောက်ကို ခေါ်သွားတာ။ ကြောက်စိတ်က ညနေစောင်းလာတော့ ပိုဆိုးလာတယ်… ငါတော့ တကယ်ပဲ ရှေ့တန်းရောက်တော့မှာပါလားဆိုပြီး ဝမ်းနည်းခဲ့ရတယ်” ဟု သားဖြစ်သူက ပြန်ပြောင်းပြောပြသည်။

ဒေါ်ကတ်နူးမှာမူ သားဖြစ်သူ ရှေ့တန်းပါသွားမည်ကို စိုးရိမ်သောကကြီးစွာဖြင့် အသိမိတ်ဆွေမှတစ်ဆင့် ပွဲစားကိုဆက်သွယ်ကာ တောင်းဆိုသည့်ငွေကြေးကို အပြေးအလွှား လိုက်လံချေးငှားခဲ့ရသည်။ နောက်ဆုံးတွင် ငွေကျပ် ၆၅ သိန်းဖြင့် ညှိနှိုင်းအဆင်ပြေသွားခဲ့ပြီး ယင်းနေ့ ည ၁၀ နာရီခန့်တွင် သားဖြစ်သူကို ပြန်လည်ခေါ်ထုတ်နိုင်ခဲ့သည်။

မသေချာသော မနက်ဖြန်များနှင့် စိုးရိမ်ထိတ်လန့်မှုများ

ကလေးမြို့ပေါ်တွင် စစ်တပ်၏ ဒီအပြုအမူများသည် ရပ်ကွက်ထဲသို့ တစ်ရက်လျှင် ၂ ကြိမ်၊ ၃ ကြိမ်အထိ ဝင်ရောက်ကာ အိမ်ထောင်စုစာရင်းများဖြင့် လိုက်လံစစ်ဆေးသည့်အထိ ရဲတင်းလာနေသည်။

တာဟန်းရပ်ကွက်မှ သားရှိသူ မိခင်တစ်ဦးက “အိမ်မှာ စစ်မှုထမ်းအရွယ် လူငယ်ရှိရင် သူတို့က မှတ်ထားတယ်၊ မရှိတဲ့သူတွေလည်း ဖမ်းမှာတဲ့။ ဘယ်တော့ ကိုယ့်အိမ်ကို စစ်မှုထမ်းဆင့်ခေါ်စာ ရောက်လာမလဲမသိဘဲ စိတ်တထစ်ထစ်နဲ့ နေ့တိုင်း နေနေရတာ” ဟု ရင်ဖွင့်သည်။

လက်ရှိတွင် ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက မြို့ပေါ်ရှိ မိဘပြည်သူများနှင့် လူငယ်များအနေဖြင့် ပြင်ပသို့ သွားလာရာတွင် အထူးသတိပြုကြရန်နှင့် မလိုအပ်ဘဲ အပြင်မထွက်ကြရန် သတိပေးချက်များ ထုတ်ပြန်ထားရသည်။

နေ့စဉ်နှင့်အမျှ ပေါ်တာဆွဲမှုများ၊ ခြိမ်းခြောက်ငွေတောင်းခံမှုများနှင့် ရင်ဆိုင်နေရသော ကလေးမြို့မှ မိခင်များနှင့် လူငယ်များအတွက်တော့ မနက်ဖြန်တိုင်းသည် လုံခြုံမှုမရှိသော၊ သောကမီးများ ဝန်းရံနေသော နေ့ရက်များအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.