သွေးချင်းမဟာမိတ် ULA/ AA နှင့် တလုံးတဝတည်း ပူးပေါင်းပြီး စစ်တပ်ကို အင်တိုက်အားတိုက် ခုခံတွန်းလှန်မည်
(006SV)
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA) က ယနေ့ စက်တင်ဘာလ ၃၀ ရက်မှာ ထုတ်ပြန်သည်။
ကျောက်တော်မြို့ပေါ်ရှိ လူစည်းကားသော အိန္ဒိယဈေးအနီးဝန်းကျင်နှင့် ကစ္ဆပနဒီတံတားဝန်းကျင်တို့ကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် စက်တင်ဘာလ ၂၈ ရက်နေ့လယ်ပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုယ်ဝန်ဆောင် အမျိုးသမီးများ အပါအဝင် ပြည်သူ ၅၀ ဦးအထိ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီ ၆၀ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိသည်။
“ဤကဲ့သို့ ရင့်နင့်ဖွယ်ရာ ကြီးမားသည့် ဆုံးရှုံးမှုများ ကြုံတွေ့ရသည့် ကျန်ရစ်သူမိသားစုဝင်များ၊ အာရက္ခပြည်သူတစ်ရပ်လုံးနှင့်အတူ ထပ်တူထပ်မျှ စိတ်နှလုံးထိခိုက် ကြေကွဲဝမ်းနည်းရပြီး အကြမ်းဖက် စစ်ကော်မရှင်၏ ယခုကဲ့သို့ အပြစ်မဲ့ အရပ်သားပြည်သူများအား အငြိုးတကြီး အောက်တန်းကျ ရက်စက်ယုတ်မာစွာ ပစ်မှတ်ထား တိုက်ခိုက်မှုအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါသည်” ဟု CPU/ CPA က ဆိုသည်။
ကျောက်တော်လေကြောင်းတိုက်ခိုက်မှုသည် စစ်ရေးပစ်မှတ်များနှင့် လုံးဝသက်ဆိုင်ခြင်း မရှိဘဲ လူမျိုးဘာသာပေါင်းစုံ အရပ်သားပြည်သူများကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည်ဟု CPU/ CPA က ထုတ်ပြန်သည်။
စစ်တပ်သည် ULA/AA နှင့် ထိတွေ့ရင်ဆိုင်သည့် စစ်မျက်နှာပြင်များတွင် အထိအခိုက်များစွာဖြင့် တပ်လန်ရှုံးနိမ့်နေသည့်အတွက် ပြည်သူဘက်သို့ ရှုံးမဲမဲကာ ရခိုင်မှ မြို့ရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများကို နေ့စဉ်ရက်ဆက် ကျူးလွန်လျက်ရှိသည်ကို တွေ့ရသည်ဟု CPU က ဆိုသည်။
အာဏာသိမ်းစစ်တပ်ကို သွေးချင်းမဟာမိတ် ULA/ AA နှင့် တလုံးတဝတည်း ဆက်လက်ပူးပေါင်းပြီး အင်တိုက်အားတိုက် ခုခံတွန်းလှန်တိုက်ပွဲဝင်သွားမည်ဟု CPU/ CPA က ယနေ့မှာ ထုတ်ပြန်သည်။
စစ်အာဏာရှင်စနစ်နှင့် တကွ အခြားမည်သည့် အာဏာရှင်စနစ်မဆို အပြီးတိုင်ချုပ်ငြိမ်းရေး၊ ချင်းပြည်လူထု၏ မွေးရာပါ အခွင့်အရေးဖြစ်သော ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းကို ဖော်ဆောင်နိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါ်လာရေးနှင့် ရည်မှန်းချက်တူညီသည့် မဟာမိတ် တော်လှန်ရေးအင်အားစုများနှင့် လက်တွဲကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဟု သိရသည်။

