(006SV)
မိုးနှောင်းရာသီမှာ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေသော ချင်းပြည်- ပလက်ဝ- ရခိုင် အစပ်ဒေသများအပါအဝင် ရခိုင်နှင့် မကွေး၊ ပဲခူး၊ ဧရာဝတီအစပ်ဒေသများ၊ စစ်တွေ၊ ကျောက်ဖြူ စစ်မျက်နှာပြင်နှင့် ရခိုင်ကမ်းရိုးတန်းဒေသတို့တွင် လက်ရှိ မိုးအကုန် ဆောင်း အကူးတွင် တိုက်ပွဲများ ပိုမို ပြင်းထန်လာနိုင်ကြောင်း သိရသည်။
စက်တင်ဘာလ ၂၆ ရက် ထုတ်ဝေသော ရခိုင်အအမျိုုးသားအဖွဲ့ချုပ် (ULA) ပါတီ စာစောင်တွင် ULA/ AA ၏ ဒုဥက္ကဌ ၁ Dr. ညိုထွန်းအောင်က ယင်းကဲ့သို့ ထည့်သွင်းပြောခြင်းဖြစ်သည်။
အဆိုပါဒေသများတွင် အာဏာသိမ်းစစ်တပ်သည် လက်ရှိအသုံးပြုနေသော စစ်အင်အားထက် နှစ်ဆ၊ သုံးဆအထိ တိုးမြှင့် အသုံးပြုလာနိုင်ပြီး ကြည်း၊ ရေ၊ လေ ထိုးစစ်ကြီးကို တပြိုက်နက်တည်း လုပ်လာနိုင်သည့် စစ်ရပ်စစ်ငွေ့များကို တွေ့မြင်ရသည်ဟု Dr. ညိုထွန်းအောင်က ပြောသည်။
ချင်းတောင်ပိုင်း ပလက်ဝမြို့အထိ ထိုးစစ်ဆင်နိုင်သည်ဟူ၍ သတင်းများ ထွက်ပေါ်နေသော မကွေး၊ ယောဒေသမှ မင်းတပ်၊ ကန်ပက်လက်ကို မေလလယ်မှ စတင်၍ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေမှုတွင် စစ်တပ်သည် ယခု စက်တင်ဘာလ နှောင်းပိုင်းတွင် အင်အားတစ်ထောင်ခန့် ထပ်မံ ဖြည့်တင်းနေသည်ဟု သိရသည်။
လက်ရှိ ချင်းတောင်ပိုင်းသို့ စစ်တပ်က ထိုးစစ်ဆင်နေမှုကို ချင်းပြည်သူ့တပ်မတော် (CPU/ CPA) ၊ CB အဖွဲ့ဝင်များ၊ ယောဒေသ တပ်များဖြစ်သော YA ၊ YDF နှင့် ULA/ AA အပါအဝင် အခြားတော်လှန်ရေးမဟာမိတ်တပ်များ ခုခံတိုက်ခိုက်နေကြောင်း CPU/ CPA နှင့် စစ်ရေးသတင်းရင်းမြစ်တချို့ထံမှ သိရသည်။
ULA/ AA သည် အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲများ တိုက်ရင်း ရခိုင်ပြည်တည်ဆောက်ရေးနှင့် ဒေသအုပ်ချုပ်ရေး ယန္တရာများကို တပြိုက်နက်တည်း အကောင်အထည်ဖော်နေကြောင်း၊ တိုက်ရင်း တည်ဆောက်၊ တည်ဆောက်ရင်း တိုက် လုပ်ဆောင်နေကြောင်း သိရသည်။
ရခိုင်ပြည်သူတစ်ရပ်လုံးက မျှော်လင့်နေသော အမျိုးသားအောင်ပွဲနေ့ရက်က လက်တကမ်းအလိုသို့ ရောက်ရှိလာပြီး တော်လှန် ရေး၏ သဘောသဘာဝအတိုင်း ခက်ခဲကြမ်းတမ်းသော အချိန်ကာလတစ်ခုကို မလွဲသာ မရှောင်သာ ဒဲ့တိုး ရင်ဆိုင်နေရကြောင်း ULA/ AA ဒုဥက္ကဌ ၁ ဒေါက်တာ ညိုထွန်းအောင်က ပြောသည်။
လက်ရှိတွင် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နှင့် ရခိုင်ပြည်နယ်ထဲက မြို့နယ် ၁၄ ခုတို့ကို ULA/ AA က သိမ်းပိုက်ထိန်းချုပ် ထားပြီး အုပ်ချုပ်ရေး ယန္တရားများနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဖော်ဆောင်နေကြောင်း သိရသည်။

