မြန်မာစစ်တပ်၏ လော်ဘီငှားရမ်းခွင့်ကို ပိတ်ပင်ရန် ထပ်မံတိုက်တွန်း
(006SV)
အမေရိကန်အစိုးရနှင့် ဆက်ဆံရေးကောင်း တည်ဆောက်နိုင်ရန် အာဏာသိမ်းစစ်တပ်နှင့် ၎င်း၏ စစ်အစိုးရအတွက် တစ်နှစ်ကို ဒေါ်လာ ၃ သန်းယူပြီး လော်ဘီပြုလုပ်ပေးနေသော ဝါရှင်တန်ဒီစီအခြေစိုက် DCI Group ကို အမေရိကန်အထက် လွှတ်တော် အမတ်ဟောင်းတစ်ဦးက ပြင်းထန်စွာ ဝေဖန်လိုက်သည်။
အောက်တိုဘာလ ၂၇ ရက်က ဗားဂျီးနီးယားပြည်နယ်၊ ဖောလ်စ်ချချ်၊ 21WILBERFORCE မှ ကျင်းပသော ၂၀၂၆ ခုနှစ် ဖရန့်ဝုဖ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆုပေးပွဲ အစီအစဉ်မှာ ရီပတ်ဘလီကန်ပါတီဝင်၊ ကွန်ဂရက်လွှတ်တော်အမတ်ဟောင်း ဖရန့်ဝုဖ် (Frank Wolf) က ယင်းသို့ ကန့်ကွက်ရှုတ်ချခြင်းဖြစ်သည်။
အဆိုပါခမ်းအနားတွင် အာဏာသိမ်းစစ်တပ်၏ ခရစ်ယာန်များအပေါ် ဆိုးရွားစွာ ဖိနှိပ်မှုများကိုလည်း ၁၉၉၈ ခုနှစ်က နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အက်ဥပဒေ ပြဌာန်းနိုင်ရေး ဦးဆောင်ခဲ့သူ အဆိုပါ အထက်လွှတ်တော် အမတ်ဟောင်းက ထည့်သွင်းပြောကြားခဲ့သည်ဟု Burma Research Institute (BRI) က အောက်တိုဘာလ ၂၈ ရက် ထုတ်ပြန်သည်။
အာဏာသိမ်းစစ်တပ်၏ ဘာသာရေးလွတ်လပ်ခွင့်ကို ဆိုးရွားစွာ ချိုးဖောက်မှုများ၊ အထူးသဖြင့် ခရစ်ယာန် အသိုင်းအဝိုင်းအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေမှုများကိုလည်း ၎င်းက ဝေဖန်ခဲ့သည်။
အမေရိကန် လော်ဘီကုမ္ပဏီများ ငှားရမ်းနိုင်ခြင်းမှ အာဏာသိမ်းစစ်တပ်ကို တားမြစ်မည့် ဥပဒေပြဌာန်းရန် လိုအပ်နေကြောင်း လည်း အဆိုပါအထက်လွှတ်တော်အမတ်ဟောင်းက တိုက်တွန်းသည်။
“စစ်တပ်ဟာ ဘုရားကျောင်းတွေကို ဗုံးကြဲပြီး ဘာသာဝင် အသိုက်အဝန်းတွေကို အကြမ်းဖက်နေချိန်မှာ ဝါရှင်တန်မှာ ဩဇာလွှမ်းမိုးမှုကို ဝယ်ယူခွင့် မရသင့်ပါဘူး။ ကွန်ဂရက်လွှတ်တော်အနေနဲ့ အဲဒီတံခါးကို ပိတ်ပစ်ဖို့ လုပ်ဆောင်သင့်ပါတယ်”ဟု BRI ၏ ဘုတ်အဖွဲ့ ဥက္ကဋ္ဌနှင့် အမေရိကန် နှစ်ခြင်းခရစ်ယာန်အသင်းတော်များ (USA) ၏ တွဲဖက် အထွေထွေအတွင်းရေးမှူးဟောင်း သိက္ခာတော်ရ ဒေါက်တာ ရော်ဘင်စတု(ပ်စ်) က တောင်းဆိုသည်။
အဆိုပါ တောင်းဆိုမှုသည် ၂၀၂၆ ခုနှစ်မတ်လက ထုတ်ပြန်ခဲ့သော အမေရိကန် အပြည်ပြည်ဆိုင်ရာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင် (USCIRF) ၏ နှစ်ပတ်လည် အစီရင်ခံစာပါ အကြံပြုချက်များကို ထပ်မံတောင်းဆိုခြင်း ဖြစ်သည်။
ယင်းအစီရင်ခံစာတွင် စစ်တပ်က ၎င်း၏ စစ်ရာဇဝတ်မှုများမှ တာဝန်ခံရမှုကို ရှောင်လွှဲရန်နှင့် အမေရိကန်အစိုးရနှင့် ဆက်ဆံရေး တည်ဆောက်ရန် အမေရိကန် အခြေစိုက် လော်ဘီကုမ္ပဏီများကို အသုံးပြုခြင်းမှ တားမြစ်သော ဥပဒေတစ်ရပ်ကို အတည်ပြုပြ ဌာန်းပေးရန် တောင်းဆိုထားသည်။
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၉ ရက်က အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် (USCIRF) အတွင်းရေးမှူးရုံးသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုထံသို့ မြန်မာရှိ နှိပ်စက်ညှဉ်းပန်းခံနေရသော ခရစ်ယာန်များကို ကာကွယ်ရန် တိုက်တွန်းသော ဘာသာပေါင်းစုံပါဝင်သော ပေးစာတစ်စောင်ကိုလည်း ပေးပို့ခဲ့သည်။
၂၀၂၆ ခုနှစ် ဖရန့်ဝုဖ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆုကို Burma Advocacy Group ၏ အမှုဆောင်ဒါရိုက်တာ သိက္ခာတော်ရ ဒေါက်တာ အေ ရွိုင် မက်ဒ်လေ (Rev. Dr. A. Roy Medley) က ရရှိခဲ့သည်ဟု သိရသည်။
အဆိုပါဆုပေးပွဲအခမ်းအနားကို BRI ၏ ဘုတ်အဖွဲ့ဥက္ကဌ ဒေါက်တာ ရော်ဘင်စတု(ပ်စ်) နှင့် BRI ၏ ဥက္ကဋ္ဌနှင့် စီအီးအို (CEO) ပူးဇိုးသုန်မှုန်းအပါအဝင် ချင်း၊ ကချင်နှင့် ကရင် အသိုင်းအဝိုင်းမှ ခရစ်ယာန်နှစ်ခြင်းခေါင်းဆောင်များ တက်ရောက်သည်ဟု သိရသည်။

