(006SV)
ချင်းတော်လှန်ရေးတပ်ဖွဲ့ CDF – ဟားခါး၏ ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်သုံ့ပန်းများ ထိန်းသိမ်းရာ အကျဉ်းစခန်းကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခဲ့ရာ စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၀ ဦးအထိ အစုလိုက်အပြုံလိုက် သေဆုံးကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာ ၂၈ ရက် ည ၈ နာရီ ၂၅ မိနစ်ခန့်မှ ၄၆ မိနစ်အထိ မိနစ် ၂၀ အကြာ၊ အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာ ၃/၄ စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး တစ်ကြိမ်လေကြောင်းတိုက်ခိုက်လျှင် ဗုံး ၁ လုံးမှ ၂ လုံးအထိ အသုံးပြု၍ ၅ ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း CDF – ဟားခါး ဥက္ကဌ Salai Hram Lian က ပြောသည်။
“အဲဒီလိုနဲ့ ကျွန်တော်တို့ ဒီ စစ်သုံ့ပန်းတွေ ထားတဲ့ ဌာနချုပ်ပေါ့နော်၊ ထားတဲ့နေရာပေါ့။ အဲဒါကို လာပစ်တာ။ အဆောက်အဦနဲ့ ထားတဲ့နေရာပေါ့နော်။ ဒီစစ်သုံ့ပန်းထဲက ကျတာများတယ်။ ၁၀ ယောက်လောက် ကျသွားတယ်ပေါ့နော်။ ကျန်တာတော့ ဒဏ်ရာတွေနဲ့ပေါ့” ဟု CDF – ဟားခါး ဥက္ကဌက ပြောသည်။
CDF – ဟားခါး၏ စစ်သုံ့ပန်းအကျဉ်းစခန်း လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိကာ အလောင်းတချို့မှာ ပြန်ဆယ်ယူ၍ မရနိုင်လောက်သော အခြေအနေထိ ဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။
“စစ်သုံပန်းတွေ ထားတဲ့နေရာ ကို လာပစ်သွားတာပါ။ အဲဒီထောင်ကလည်း ထားတဲ့နေရာကလည်း အကုန်ပျက်စီးသွား တယ်။ တော်တော်လေး ပျက်စီးသွားတယ်ပေါ့နော်။ ပြန်ယူစရာတောင် မရှိသလောက်ပေါ့။ အလောင်းတွေနဲ့ပေါ့နော်၊၊ အဲဒီလို ဒဏ်ရာတွေလည်း တော်တော်လေး ရခဲ့ကြရတယ်ပေါ့နော်” ဟု CDF – ဟားခါး ဥက္ကဌ Salai Hram Lian က ပြောသည်။
စစ်သုံ့ပန်းစခန်းကို လုံခြုံရေး တာဝန်ယူထားသော CDF – ဟားခါးမှ ရဲဘော်များမှာ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း၊ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုမှ အကုန်လုံး လွတ်မြောက်ကြောင်း သိရသည်။
Photo credit- The Chinland Post

