(006SV)
ချင်းပြည်တောင်ပိုင်းမြို့များသို့ စစ်မျက်နှာ ၄ ခုဖွင့်၍ အင်အားထောင်ချီဖြင့် ထိုးစစ်ဆင်နေသော စစ်တပ်သည် ယနေ့မှာ ပဥ္စမကြိမ်အဖြစ် အင်အားရာချီ ထပ်မံ ဖြည့်တင်းလာနေပြီး ယင်းစစ်အင်အားများသည် တိုက်ပွဲများ ပြင်းထန်နေသော ကျင်ဒွေးစစ်မျက်နှာကို စစ်အင်အားဖြည့်ရန် ဖြစ်နိုင်ကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၂၆ ရက်က မကွေးတိုင်း၊ မင်းဘူးမြို့ဘက်မှ ထွက်လာသော အင်အား ၂၀၀ ကျော်ခန့်ရှိ စစ်ကား ၁၄ စီးသည် ဒရုန်း၊ လက်နက်ခဲယမ်းများ တင်ဆောင်လျက် ဆောမြို့နယ်၊ လောင်ရှည်မြို့ ကပစ ၂၅ ကို ယမန်နေ့ ညပိုင်းက ရောက်ရှိလာခဲ့ကြောင်း ချင်း- မကွေးအစပ်မှ စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
အဆိုပါ စစ်ယာဉ်းတန်းသည် ကပစ ၂၅ တွင် စစ်ကား ၂ စီး ထပ်မံ ဖြည့်တင်းပြီး စစ်ကား စုစုပေါင်း ၁၆ စီးဖြင့် ယနေ့ အောက်တိုဘာလ ၂၇ ရက် မနက် ၁၀ နာရီခွဲခန့်က ကျင်ဒွေးမြို့နှင့် မိုင် ၃၀ အကွာအဝေးရှိ လောင်းရှည်မြို့ကို ဝင်ရောက်လာပြီ ကျင်ဒွေးဘက် စစ်ကြောင်းထိုးနေမှုကို အင်အားဖြည့်မည့် သဘောဖြစ်နိုင်ကြောင်း သိရသည်။
“အင်အားဖြည့်မယ့်သဘော မြင်ရတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီဘက်မှာလည်း ဒေသခံ PDF တွေရယ်၊ ဒီ CPA/U ရယ်၊ YDF ရယ်၊ မဟာမိတ် တပ်ပေါင်းစုတွေနဲ့ ထိတွေ့တိုက်ပွဲက မကြာခဏ ဖြစ်နေပြီးတော့မှ သူတို့ အရင် သူတို့ ထုတ်ပြန် ထားတာလည်း ရှိပါတယ်၊ သူတို့ အဲဒါက အရှင်ဖမ်းမိတာရော၊ သူတို့ ထိခိုက်ဒဏ်ရာ သေဆုံးတွေ ရောဆိုတော့ ပြုန်းတီးအင်အားတွေက ရှိနေတာလေ။ သူက ဒီဘက်ပိုင်းမှာ အင်ဘူး၊ ဆွဲလွဲကျင်း၊ မဆာတွီပေါ့နော် ဒီ အဲဒီသုံးရွာမှာလည်း သူက တပ်ဖြန့် နေရာယူထားသေးတာတွေ ရှိတယ်။ အင်ဘူးရဲ့ မြောက်ဘက် ယင်းကဲနားမှာ လည်းပဲ သရက်တောဆိုတဲ့ တောထဲ အဲဒီမှာလည်း နေရာယူထားတာ ရှိတယ်။ အဲဒီနေရာတွေမှာက တပ်ဖြန့်ထားတဲ့ အတွက် ဒါ ရှေ့တန်းအတွက် လိုအပ်တဲ့ အင်အားကို ဖြည့်တင်းဖို့ (၉၀) ရာခိုင်နှုန်းလောက် ဖြစ်နိုင်တဲ့ အဲလိုပဲ ခန့်မှန်းတာပေါ့” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ကျင်ဒွေးမြို့ကို စစ်တပ်က စစ်ကြောင်းထိုးနေသည့်အတွက် ချင်းတော်လှန်ရေးတပ်များက ခုခံတွန်းလှန်နေမှုကြောင့် စက်တင် ဘာလ ၂၆ ရက်မှစတင်၍ နှစ်ဖက် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း သိရသည်။
မင်းတပ်မြို့၊ ကန်ပက်လက်မြို့နှင့် ကျင်ဒွေးမြို့သို့ ဦးတည်ထိုးစစ်ဆင်နေသော စစ်တပ်နှင့် CPU/ CPA နှင့် မဟာမိတ် ပူးပေါင်း တပ်များသည် ကန်ပက်လက်မြို့၊ ကျင်ဒွေးမြို့၊ မင်းတပ်မြို့နှင့် ရွှေအောင်သာရွာ စသည့် စစ်မျက်နှာ ၄ ခုတွင် ယခုနှစ်၊ မေလ ၁၆ ရက်မှ စတင်၍ ၅ လနီးပါး တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်ဟု CPU/ CPA ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။
မေလ ၁၆ ရက်မှ အောက်တိုဘာလလယ်အထိ မကွေးတိုင်း၊ ယောဒေသမှတစ်ဆင့် ပေါက်ကပစ (၂၄) နှင့် လောင်းရှည်ကပစ (၂၅) တို့ကို အခြေပြု၍ စစ်တပ်သည် စစ်အင်အားများ၊ လက်နက်ခဲယမ်းများ စသဖြင့် စတုတ္ထ ကြိမ်အထိ ဖြည့်တင်းပြီး ချင်းတောင်ပိုင်းမြို့များကို စစ်ကြောင်းထိုးနေကြောင်း သိရသည်။
စစ်တပ်သည် စတုတ္ထအကြိမ်အဖြစ် စလင်း-ကံပြား – လောင်းရှည်မှတစ်ဆင့် ချင်းတောင်ထိုးစစ်အတွက် စစ်ယာဉ်တန်း ၁၉၃ စီးဖြင့် စစ်ကူနှင့် လက်နက်ခဲယမ်းများ ထပ်မံ ဖြည့်တင်းထားပြီဖြစ်သည်။
တော်လှန်ရေး ပူးပေါင်းတပ်များ၏ မြေပြင်က အောင်ပွဲများကို ဆက်လက်ထိန်းသိမ်းပြီး စစ်တပ် ထိုးစစ်ကို ရိုက်ချိုးနိုင်ဖို့ ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာ မိဘပြည်သူများအနေဖြင့် မိမိတို့ တတ်နိုင်သမျှ အင်အားဖြင့် ပါဝင်ပံ့ပိုးပေးကြဖို့ CPU/ CPA က တိုက်တွန်းထားသည်။

