(006SV)
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စု၏ စစ်ရာဇဝတ်မှု ကျူးလွန်မှုများနှင့် ပတ် သက်၍ အပြစ်ပေးအရေးယူနိုင်ရန် ချင်းအမျိုးသမီးတစ်ဦးသည် ဒိန်းမတ်နိုင်ငံ တရားရုံးမှာ ပထမဆုံးအကြိမ်အဖြစ် တရားစွဲဆိုမှု စတင်လိုက်ကြောင်း သိရသည်။
မြန်မာစစ်ဗိုလ်ချုပ်များကို စုံစမ်းစစ်ဆေးပြီး အရေးယူနိုင်ရန် ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်တစ်ရပ်ကို ဒိန်းမတ်နိုင်ငံ၊ ကိုပင် ဟေဂင်မြို့တွင် အောက်တိုဘာလ ၂၆ ရက်က လုံခြုံရေးအခြေအနေအရ အမည်မဖော်လိုသော အဆိုပါချင်းအမျိုးသမီးက အမှုတင်သွင်းလိုက်ခြင်းဖြစ်သည်။
ဒိန်းမတ်တရားရုံးသို့ ပြစ်မှုဆိုင်ရာ တိုင်ကြားချက်များတွင် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှု၊ အစုအပြုံလိုက် မီးရှို့မှုနှင့် လူသောင်းချီကို အဓမ္မ အိုးအိမ်စွန့်ခွာ ရွေ့ပြောင်းစေမှုတို့ ပါဝင်ကြောင်း သိရသည်။
“ဒိန်းမတ်ဥပဒေသစ်အရ ပြစ်မှုတွေ ဘယ်နေရာမှာ ဖြစ်ပွားခဲ့သလဲ၊ သို့မဟုတ် ကျူးလွန်သူတွေနဲ့ ကျူးလွန်ခံရသူတွေရဲ့ လူမျိုး နွယ်က ဘာလဲဆိုတာ အရေးမကြီးတော့ပါဘူး။ ဒိန်းမတ်မှာ နေထိုင်နေတဲ့ ကျူးလွန်ခံရသူတွေဟာ သူတို့အပေါ် ရက်စက်ကြမ်း ကြုတ်မှုတွေ ဖြစ်ပွားခဲ့စဉ်က တာဝန်ယူခဲ့တဲ့ တပ်မှူးတွေကို အရေးယူပေးဖို့ ဒိန်းမတ်အာဏာပိုင်တွေကို တောင်းဆိုနိုင်ပါတယ်” ဟု ကိုပင်ဟေဂင်အခြေစိုက် ချင်းတိုင်းရင်းသူ၏ ရှေ့နေ့ဖြစ်သူ အက်ဒီ အိုမာ ရိုဆန်ဘတ်ဂ် ခါဝါဂျာ (Eddie Omar Rosenberg Khawaja) က ပြောသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလက ဒိန်းမတ်နိုင်ငံမှာ စတင်အသက်ဝင်လာသော ဥပဒေသစ်နှင့် တရားစွဲဆိုနိုင်ရေး လုပ်ဆောင်ခြင်းဖြစ်ပြီး ယင်းဥပဒေသစ်အရ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်သူများကို ဒိန်းမတ်နိုင်ငံအတွင်း တရားစွဲဆို၊ စီရင်ချက် ချမှတ်နိုင်သည်ဟု သိရသည်။
“အခုအခါမှာတော့ ဒိန်းမတ်နိုင်ငံရှိ အသိုင်းအဝိုင်းများနှင့် လှုပ်ရှားမှုများတွင် ပါဝင်နေကြတဲ့ မြန်မာပြည်သူများနှင့် ဒိန်းမတ် တက်ကြွလှုပ်ရှားသူများဟာ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ အပြည်ပြည်ဆိုင်ရာ တရားဥပဒေ စိုးမိုးရေးအတွက် ရပ်တည်ဆောင် ရွက်နေကြတာ ဖြစ်ပါတယ်” ဟု မြန်မာစစ်ဗိုလ်ချုပ်များကို တရားစွဲဆိုလိုက်သော ချင်းအမျိုးသမီးက ပြောသည်။
လက်ရှိ ဒိန်းမတ်နိုင်ငံမှာ နေထိုင်သော အဆိုပါချင်းအမျိုးသမီးသည် ၎င်း၏ ရွာမှ နေအိမ် အလုံး ၄၀ ခန့်ကို စစ်တပ်က မီးရှို့ဖျက်စီးမှုကို ကိုယ်တိုင်မြင်ခဲ့ရသကဲ့သို့ မိသားစုဝင်များ ၊ မိတ်ဆွေများသည်လည်း စစ်တပ်မှ ထောင်ထားသော မြေမြှုပ်မိုင်းများကြောင့် သေဆုံးခြင်း၊ ကိုယ်လက်အင်္ဂါချို့ယွင်းခြင်းများကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်ဟု သိရသည်။
ယခုကဲ့သို့ ဒိန်းမတ်နိုင်ငံတွင် တရားစွဲဆိုနိုင်မှုကို Myanmar Action Group Denmark (MAGD) နှင့် Chin Community Denmark တို့အပါအဝင် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် လွတ်မြောက် လာသူများနှင့် အရေးပါသော အထောက်အထားများကို သက်သေအဖြစ် ရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဒိန်းမတ်နိုင်ငံမှာ ယခုတရားစွဲမှုသည် ဥပဒေကြောင်းအရ ခိုင်မာကြောင်း အရှေ့တောင်အာရှနှင့် ဥရောပမှာ စစ်အုပ်စုကို တရားစွဲဆိုသော အမှုများကို ကူညီပေးနေသော Myanmar Accountability Project မှ Chris Gunness က ပြောသည်။
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်က ကုလသမဂ္ဂသို့ ပေးပို့သော ဒိန်းမတ်နိုင်ငံ၏ အစီရင်ခံစာတစ်ခုတွင် မြန်မာနိုင်ငံမှာ တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့ခြင်းနှင့် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ရရှိနေခြင်းတို့ ဆက်လက်ဖြစ်ပွားနေသည်ဟု ပြောကြားခဲ့သည်။
လက်တလောမှာလည်း မြန်မာနိုင်ငံရှိ ဒိန်းမတ်သံရုံးကို ပိတ်သိမ်းရန် ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်ဆင်လျက်ရှိသည်ဟု သိရသည်။
မြန်မာမှာ စစ်အာဏာသိမ်းပြီးနောက် ပဋိပက္ခနှင့် ဆက်နွယ်သော အကြမ်းဖက်မှုများကြောင့် လူပေါင်းတစ်သိန်းကျော် သေဆုံး ခဲ့ရပြီး လူဦးရေ ၃.၄ သန်းနီးပါးသည် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသကဲ့သို့ အများစုမှာ အကြိမ်ကြိမ် ထွက်ပြေးနေရခြင်းဖြစ်သည် ဟု ကုလသမဂ္ဂအစီရင်ခံစာအရ သိရသည်။

