(006SV)
ချင်း- မကွေးအစပ်၊ ယောဒေသမှ တော်လှန်ရေးလက်နက်ကိုင် ၂ ဖွဲ့ဖြစ်သော ယောကာကွယ်ရေးတပ် (YDF) နှင့် ယောတပ်တော် (YA) တို့သည် ယောအမျိုးသားတပ်တစ်ခုတည်းအဖြစ် တပ်ပေါင်းစည်ရေးကို သဘောတူညီချက် ရရှိပြီဖြစ်သည်။
ယောအမျိုးသားတပ်များ ပေါင်းစည်းနိုင်ရေးအတွက် အောက်တိုဘာလ ၂၆ ရက်တွင် ယောဒေသတစ်နေရာမှာ တွေ့ဆုံဆွေး နွေးမှုပြုလုပ်ပြီး ယင်းသို့ သဘောတူညီချက် ရရှိခြင်းဖြစ်ကြောင်း တပ်ပေါင်းစည်းရေးကော်မတီက ယနေ့ နိုဝင်ဘာလ ၅ ရက်မှာ ကြေညာသည်။
YDF နှင့် YA တို့သည် ယောဒေသလွတ်မြောက်ရေး၊ ယောကံကြမ္မာ ယောဖန်တီးခွင့် ရရှိရေးနှင့် ယောအမျိုးသားတပ်တစ်ခုတည်း တည်ဆောက်ရန် သဘောတူညီချက်ချက်များ ချမှတ်ထားသည်ဟု သိရသည်။
တွေ့ဆုံဆွေးနွေးမှုတွင် တပ်ပေါင်းစည်းရေးကော်မတီ ဖွဲ့စည်းခြင်း၊ ယောဒေသအတွင်းရှိ အခြားသော တော်လှန်ရေးအင်အားစုများကို ပူးပေါင်းပါဝင် တည်ဆောက်နိုင်ရန် ဖိတ်ခေါ်ခြင်းနှင့် အပြီးသတ် တပ်ပေါင်းစည်းနိုင်ရေး အချိန်ကာလ သတ်မှတ်ခြင်း စသည့် အချက် ၃ ချက်အပါအဝင် သဘောတူညီချက် ၇ ချက်ကို ချမှတ်နိုင်ခဲ့သည်ဟု သိရသည်။
ယောဒေသလွတ်မြောက်ရေး၊ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးနှင့် အနာဂါတ်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် တစ်ခုတည်းသော ယောအမျိုးသားတပ်အနေဖြင့် မဟာမိတ် အင်အားစုများနှင့်အတူ လက်တွဲ တိုက်ပွဲဝင်သွားမည်ဟု တပ်ပေါင်းစည်းရေးကော်မတီထံမှ သိရသည်။
လက်ရှိမှာ YDF နှင့် YA တို့သည် မကွေးတိုင်း၊ ယောဒေသနှင့် ချင်းတောင်ပိုင်း မြို့များသို့ စစ်ကြောင်းထိုးနေသော စစ်တပ်ကို ချင်းပြည်သူ့တပ်မတော် (CPU/ CPA) ၊ ULA/ AA နှင့် အခြား မဟာမိတ်တပ်များနှင့် ပူးပေါင်း၍ ခုခံတွန်းလှန်တိုက်ခိုက်လျက်ရှိသည်။

