(006SV)
ချင်းပြည်နယ် ဇိုတုန်ဒေသအတွင်း မိမိတို့နှင့် အသိပေးညှိနှိုင်းခြင်းမရှိဘဲ မည်သည့်လုပ်ငန်းကို မဆို လုပ်ငန်းဆောင်ရွက်မှုမျိုး မပြုလုပ်ရန် တားမြစ်ခြင်းအပြင် မိမိတို့၏ စီမံခန့်ခွဲမှုများတွင် ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင် ကာကွယ်သွားမည်ဟု ဇိုတုန်ဒေသန္တရ ကောင်စီက ကြေညာသည်။
ဇိုတုန်ဒေသန္တရကောင်စီ၊ ဆဌမအကြိမ်မြောက် ပြည်သူ့ညီလာခံကို အောက်တိုဘာလ ၂၈ ရက်မှ ၃၀ ရက်အထိ ဇိုတုန်ဒေသတစ်နေရာမှာ ကျင်းပခဲ့ပြီးနောက် နိုဝင်ဘာလ ၁ ရက်၊ နေ့စွဲဖြင့် ယမန်နေ့မှာ အဆိုပါကောင်စီက ယင်းသို့ ထုတ်ပြန်လာခြင်းဖြစ်သည်။
ဇိုတုန်ဒေသန္တရအစိုးရသည် ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေအရဖြစ်စေ၊ အာဏာခွဲဝေမှုဇယားအရဖြစ်စေ ဇိုတုန်ဒေသအတွင်းရှိ ကဏ္ဍအသီးသီးမှာ စီမံခန့်ခွဲပိုင်ခွင့်ရှိသော အစိုးရတစ်ရပ်ဖြစ်သည်ဟု ဇိုတုန်ဒေသန္တရကောင်စီထံမှ သိရသည်။
ဇိုတုန်ဒေသန္တရကောင်စီကို အသိပေးညှိနှိုင်းခြင်း မရှိဘဲ မည်သည့်လုပ်ငန်းကိုမဆို ဆောင်ရွက်မှုမျိုး မပြုလုပ်ရန်နှင့် အသိပေးညှိနှိုင်းမှု မရှိဘဲ လုပ်ငန်းဖော်ဆောင်မှုကိုဖြစ်စေ၊ ဇိုတုန်ဒေသန္တရ အစိုးရအုပ်ချုပ်နယ်မြေအတွင်း စီမံခန့်ခွဲမှု လုပ်ငန်းများမှာ ဝင်ရောက်စွက်ဖက် နှောင့်ယှက်သော မည်သည့်လုပ်ရပ်ကိုဖြစ်စေ ဆန့်ကျင်ကာကွယ်သွားမည်ဟု သိရသည်။
ဇိုတုန်ဒေသအတွင်း ဇိုတုန်မျိုးနွယ်စုများ စည်းလုံးညီညွတ်မှုကို ပြိုကွဲစေသော လုပ်ဆောင်မှုများ ဆောင်ရွက်ခြင်း၊ မိမိတို့ နယ်မြေတည်တံ့ခိုင်မြဲမှုကို ပျက်စီးစေသော လုပ်ရပ်များ လုပ်ဆောင်ခြင်း၊ တော်လှန်ရေးကို အားနည်စေသော လုပ်ရပ်များ လုပ်ဆောင်ခြင်းတို့ကို ရှောင်ရှားရန်လည်း အဆိုပါကောင်စီက အသိပေးသည်။
စစ်အာဏာရှင်စနစ် ဆက်လက်ရှင်သန်နိုင်ရေးအတွက် ပြည်သူများကို အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး စသော ကဏ္ဍအသီးသီးမှာ နည်းမျိုးစုံသုံးပြီး ဖိအားပေး စည်းရုံးသိမ်းသွင်းခြင်း၊ စစ်အုပ်စုနှင့် ပူးပေါင်းခြင်း၊ အမျိုးသားရေးနှင့် ပြည်သူ့အကျိုးစီးပွားကို ထိခိုက်စေမည့် လုပ်ရပ်များကို လုပ်ဆောင်ခြင်းတို့မှ ရှောင်ရှားရန်လည်း တိုက်တွန်းထားသည်။
ဇိုတုန်ဒေသအတွင်း စစ်ရေး၊ နိုင်ငံရေးအင်အားကို ပိုမိုစုစည်းခိုင်မာအောင် တည်ဆောင်၍ ပြည်သူတစ်ရပ်လုံးက အမျိုးသားရေးအသိ၊ အမျိုးသားရေးတာဝန်ဖြင့် ကျရာကဏ္ဍအသီးသီးမှ ပူးပေါင်းတိုက်ပွဲဝင်ပေးရန် ဇိုတုန်ဒေသန္တရ ကောင်စီက ထုတ်ပြန်သည်။
ဆဌမအကြိမ်မြောက် ပြည်သူ့ညီလာခံကို ကိုယ်စားလှယ် ၃၁၁ ဦး တက်ရောက်ခဲ့ပြီး ဇိုတုန်ဒေသန္တရကောင်စီ တတိယသက်တမ်း (၂၀၂၆ – ၂၀၂၈) အတွက် ဥက္ကဌ၊ ဒုဥက္ကဌ ၁ နှင့် ၂ ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး ၁ နှင့် ၂ နှင့် ကောင်စီဝင်များကို ရွေးကောက်တင်မြောက်နိုင်ခဲ့သည်ဟုသိရသည်။
ဇိုတုန်ဒေသန္တရကောင်စီနှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းအစီရင်ခံစာ တင်သွင်းခြင်း၊ ဆွေးနွေးအတည်ပြုခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်ခဲ့သည်ဟု သိရသည်။
ဇိုတုန်ဒေသအခြေစိုက် CDF – ဇိုတုန်နှင့် တော်လှန်ရေးအင်အားစုများသည် ဇိုတုန်ဒေသန္တရကောင်စီကို ၂၀၂၂ ခုနှစ် ဇွန်လ ၃ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ ချင်းအမျိုးသား တည်ဆောက်ရေးနှင့် မိမိမျိုးနွယ်စုအရေးတို့ကို လုပ်ငန်းစဉ်များ ချမှတ်၍ ဆောင်ရွက်နေသည်။
ပြည်တွင်းပြည်ပရှိ ပြည်သူများအနေဖြင့်လည်း အသက်နှင့် ခန္ဓာ ပေးလှူခဲ့သော အာဇာနည်များ၊ လက်ရှိ တော်လှန်ရေးမှာ ပါဝင်တိုက်ပွဲဝင်နေကြသော ရဲဘော်၊ ရဲမေများကို အောက်မေ့အမှတ်ရလျက် တော်လှန်ရေး ထောက်ပံ့မှုကို ပိုမိုအားကောင်းအောင် ဆောင်ရွက်ပေးပါရန်လည်း တိုက်တွန်းထားသည်။

