(006SV)
ချင်းပြည်နယ်မြောက်ပိုင်းမှ ချင်းတော်လှန်ရေးအင်အားစုတစ်ခုဖြစ်သော ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသား ကာကွယ်ရေးအဖွဲ့ (CNO/ CNDF) ၏ ထိပ်ပိုင်းခေါင်းဆောင်များကို အပြောင်းအလဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်း CNO/ CNDF ၏ တတိယအကြိမ်မြောက် ညီလာခံတွင် အဖွဲ့၏ ထိပ်ပိုင်းရာထူးမှ နေရာများတွင် အသစ်ပြန်လည် ရွေးချယ်တင်မြောက်ခဲ့ခြင်းဖြစ်သည်။
CNO/ CNDF ဥက္ကဌအဖြစ် ပူးနေယေမိ ဗန်နိုက်ကျဲမ် (Pu Nehemiah Van Nei Cem) ကို ရွေးချယ်ခဲ့ပြီး ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် ပူးစတီဗင်ပါဘီယာ (Pu Steven Pa Bia) ၊ ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် ဆလိုင်းဒန်နီရယ်ဟရမ်ပီး (Salai Daniel Hram Pi) နှင့် ဒုတိယဥက္ကဋ္ဌ (၃) အဖြစ် ဆလိုင်းပီတာထန် (Salai Peter Thang) တို့ကို ရွေးချယ်တင်မြောက်သည်ဟု CNO/ CNDF နှင့် နီးစပ်သော သတင်းရင်းမြစ်ထံမှ သိရသည်။
CNO/ CNDF မှ တာဝန်ရှိသူတစ်ဦးက လတ်တလော ထိပ်ပိုင်းခေါင်းဆောင်များ အပြောင်းအလဲ ကာလဖြစ်၍ တရားဝင်အစီရင်ခံစာ ထွက်လာမှသာ ဖြေကြားပေးနိုင်မည့်တာဝန်ရှိသူတစ်ဦးက ဖြေဆိုနိုင်လိမ့်မည်ဟု ပြောသည်။
“အခုလောလောဆယ်မှာ ကျနော်တို့ တရားဝင်အစီရင်ခံစာ (official report) မထွက်လာသေးလို့ပါ။ အဲဒီအခါကြမှ တာဝန်ရှိသူက ဖြေကြားပေးလို့ ရမှာပါ။ အခုလောလောဆယ်က တရားဝင် မထုတ်ပြန်သေးလို့ပါ။ ကြားကာလ အပြောင်းအလဲဖြစ်နေတော့ ဖြေပေးဖို့ အဆင်မပြေသေးလို့ပါ” ဟု CNO/ CNDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ညီလာခံတွင် CNO/ CNDF ၏ ဖွဲ့စည်းလည်ပတ်ပုံနှင့် စည်းမျဉ်းတချို့ကိုလည်း ပြင်ဆင်ခဲ့ပြီး အဖွဲ့၏ အုပ်ချုပ်ရေး အာဏာကို ဥက္ကဌက အဓိက တာဝန်ခံ စီမံဆောင်ရွက်သော စနစ်ဖြင့် ပြောင်းလဲလည်ပတ်သွားမည်ဟု ဒေသခံတချို့နှင့် ဒေသတွင်းသတင်းဌာနတချို့ထံမှ သိရသည်။
ယခင်က CNO/ CNDF တွင် လုပ်ပိုင်ခွင့် အာဏာကြီးမားခဲ့သော အထွေထွေအတွင်းရေးမှူး (GS) ရာထူးကိုလည်း အတွင်းရေးမှူး ရာထူးအဖြစ် ပြောင်းလဲဖွဲ့စည်းသွားမည်ဖြစ်ပြီး အဆိုပါရာထူးကို ဥက္ကဌက တိုက်ရိုက်ရွေးချယ်ခန့်အပ်ကာ စီမံဆောင်ရွက်သွား မည်ဟု သိရသည်။
ယခုကဲ့သို့ ရာထူးအပြောင်းအလဲ မဖြစ်မိက CNO/ CNDF ၏ ယာယီဥက္ကဌမှာ ဆလိုင်းပီတာထန်ဖြစ်ပြီး အထွေထွေအတွင်း ရေးမှူး မှာ ပူးစတီဗင်ပဘီယာ ဖြစ်သည်ဟု သိရသည်။
ယခု ဥက္ကဌအဖြစ် ရွေးချယ်ခံရသော ပူးနေယေမိ ဗန်နိုက်ကျဲမ်သည် ယခင်က CNO/CNDF ၏ ကာကွယ်ရေးအတွင်းရေးမှူးတာဝန်ယူထားသူဖြစ်သည်။

