နိုင်ငံတကာရောက်ပြည်သူများ ကိုယ့်တိုင်းပြည် တည်ဆောက်ရေး ကျရာကဏ္ဍမှ ပါဝင်ရန် နှိုးဆော်
(006SV)
ကိုရီးယားနိုင်ငံ NUG ကိုယ်စားလှယ်ရုံးက စီစဉ်သော SCEF ကိုရီးယားနိုင်ငံ လူထုတွေ့ဆုံပွဲကို NUG အပါဝင် အခြားတော်လှန်ရေး ခေါင်းဆောင်များနှင့်အတူ CNF အထွေထွေအတွင်းရေးမှူး Salai Thla Hei လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ဦးဆောင်ကြိုးပမ်းနေသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့၏ ကိုရီးယားနိုင်ငံ လူထုတွေ့ဆုံပွဲကို နိုဝင်ဘာလ ၈ ရက်က ကိုရီးယားနိုင်ငံ၊ အင်ချွန်း ဘူဖျောင်းမြို့ခန်းမမှာ ကျင်းပခဲ့သည်။
နိုင်ငံတကာရောက် တိုင်းရင်းသားလူမျိုးပေါင်းစုအနေနှင့်လည်း စုစုစည်းစည်းဖြင့် ရပ်တည်ပြီး SCEF ကို ထောက်ခံ အာပေးပါက နွေဦးတော်လှန်ရေးက မအောင်မြင်နိုင်စရာ အကြောင်းမရှိကြောင်း CNF အထွေထွေအတွင်းရေးမှူး Salai Thla Hei က ပြောသည်။
“SCEF ဖွဲ့စည်းရခြင်းက တစ်ဖွဲ့တည်းနဲ့လည်း မရဘူး၊ လူမျိုးတစ်မျိုးတည်းနဲ့လည်း မရတော့ဘူး။ ကျနော်တို့ စုစည်းဖို့ အချိန်တန်ပါပြီ။ နိုင်ငံတကာရောက်နေတဲ့ ကျနော်တို့ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုစုစည်းစည်းနဲ့ ရပ်တည်ပြီးတော့မှ SCEF ကို ထောက်ခံအားပေးကြမယ်ဆိုလို့ရှိရင် ဒီတော်လှန်ရေးကြီးက မအောင်မြင်နိုင်စရာ အကြောင်းမရှိဘူး။ တောင်ကိုရီးယားကို ရောက်ရှိလာကြတဲ့ မျိုးချစ်ရဲဘော်အားလုံး ကျနော်တို့ ကြားရသလောက်ဆိုရင် ဒီတော်လှန်ရေးထဲမှာ အများကြီး ပါဝင်ပံ့ပိုးပေးဆပ်ခဲ့ကြရတာကို ကြားရတော့ အားရမိပါတယ်။ အခုက SCEF လည်း ပေါ်လာပြီဖြစ်တဲ့အတွက် အရင်ကထက် အားလုံး စုစုစည်းစည်းနဲ့ လက်တွဲပြီးတော့မှ တောင်ကိုရီးယားမှာကဲ့သို့ စုစည်းနိုင်တယ် ဆိုလို့ရှိရင် တခြားနိုင်ငံကလည်း အတုယူပြီးတော့ စုစည်းကြမှာပါ” ဟု Salai Thla Hei က ပြောသည်။
နိုင်ငံတကာရောက် ပြည်သူများအနေဖြင့် မိမိရောက်ရှိရာ နိုင်ငံကို အခွန်ပေးဆောင်သကဲ့သို့ မိမိတို့ တိုင်းပြည် တည်ဆောက်နိုင်ရေးအတွက် ကိုယ့်ကျရာ အခန်းကဏ္ဍကနေ ပါဝင်ကြရန်လည်း ၎င်းက နှိုးဆော်ထားသည်။
လက်ရှိမှာ SCEF အတွင်း တော်လှန်ရေးအင်အားစုအဖွဲ့ဝင် ၉ ဖွဲ့ရှိထားပြီး ယခုထက် ပိုမိုကျယ်ပြန့်အောင် တခြားအဖွဲ့အစည်းများကိုလည်း ပါဝင်စုစည်းပြီးနောက် ပြည်ထောင်စုကြီး၏ နှစ်ပေါင်း ၇၀ ခန့် ဖြေရှင်း၍ မရခဲ့သော အဖြေကို အားလုံးလက်တွဲပြီး အဖြေရသည့်အထိ တိုက်ပွဲဝင်ကြရမည်ဟု CNF အထွေထွေအတွင်းရေးမှူးက ပြောသည်။
တောင်ကိုးရီယားနိုင်ငံမှ လူထုတွေ့ဆုံပွဲသို့ SCEFအတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်သော NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ SCEFအတွင်းရေးမှူးအဖွဲ့ဝင်၊ KNPP အတွင်းရေးမှူး(၁)၊ Karenni IEC နိုင်ငံခြားရေးရာကော်မတီတာဝန်ခံ Neineh Plo ၊ SCEFအတွင်းရေးမှူးအဖွဲ့ဝင်၊ CNF အထွေထွေအတွင်းရေးမှူး Salai Thla Hei ၊ SCEF ဘဏ္ဍာရေးလုပ်ငန်းအဖွဲ့ဝင်၊ NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင် တို့ တက်ရောက်သည်ဟု သိရသည်။
မြန်မာ့နိုင်ငံရေး လတ်တလောအခြေအနေနှင့် SCEF ဖွဲ့စည်းမှု၊ ရည်မှန်းချက်နှင့် လက်တွေ့ဖြစ်ထွန်းမှုများ၊ ပြည်သူလူထုနှင့်အတူ လက်တွဲလုပ်ကိုင်စရာများကို အဆိုပါ တွေ့ဆုံပွဲတွင် SCEF တာဝန်ရှိသူများက ရှင်းလင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
လက်ရှိ နွေဦး တော်လှန်ရေးသည် ဦးဆောင်မှုလည်း မှန်ကန်ပြီး ပြည်သူလူထုကလည်း စုစည်း ညီညွတ်စွာ ပါဝင်ကြိုးစားကြမည်ဆိုလျှင် လာမည့် ၂ နှစ်အတွင် မအောင်မြင်နိုင်စရာ မရှိပါကြောင်း SCEF တာဝန်ရှိသူများက ပြောသည်။
SCEF ၏ ဦးဆောင်မှုနှင့် အကောင်အထည်ဖော်မည့် ရှေ့လုပ်ငန်းများတွင် ကိုရီးယားနေ ပြည်သူများ ပူပေါင်းပါဝင်ရန်အတွက် NUG ကိုယ်စားလှယ်ရုံး၊ တိုင်းရင်းသား လူမျိုးအဖွဲ့အစည်းများနှင့် တော်လှန်ရေးအဖွဲ့အစည်းများ လက်တွဲလုပ်ဆောင်ရန်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

