(006SV)
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပလက်ဝချင်းတော်လှန်ရေးအင်အားစုဖြစ်သော IKACC – PC တို့ကြား ကာကွယ်ရေး၊ ကျန်းမာရေးအပါအဝင် ကဏ္ဍ ၄ ခုတို့တွင် ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့၊ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုအစိုးရအနေနဲ့လည်းပဲ ကျနော်တို့ ဒီ ပညာရေးကဏ္ဍတွေ ရှိမယ်၊ ကျန်းမာရေးကဏ္ဍတွေရှိမယ်၊ နောက်ပြီးတော့ ဒီ လူသားချင်းစာနာထောက်ထားရေး အကူအညီပေးရေးဆိုင်ရာ ကဏ္ဍတွေရှိတယ်၊ နောက်ပြီးတော့ ကျနော်တို့ ကာကွယ်ရေးကဏ္ဍပေါ့။ အဲ့ဒီမှာ ကျနော်တို့ရဲ့ လိုအပ်ချက်အချို့ကို တင်ပြပြီးတော့ ဒီပြည်ထောင်စုအစိုးရအနေနဲ့ ကျနော်တို့အပေါ်မှာ ဖြည့်ဆည်းဆောင်ရွက်ပေးမယ့် ကိစ္စကို သူတို့ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးဖို့၊ အဲ့ဒီ အစီအစဉ်တွေကို ကျနော်တို့ ဆွေးနွေးဖြစ်တာ ဖြစ်ပါတယ်” ဟု IKACC ဥက္ကဌ ဆလိုင်းစောမြက ပြောသည်။
ကြားကာလ ခူမီးချင်းလူမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ – ပလက်ဝကောင်စီ (IKACC – PC) နှင့် NUG အစိုးရတို့သည် တော်လှန်ရေး အရွေ့အပြောင်းကို အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ရန် အောက်တိုဘာလ ၂၁ ရက်က အွန်လိုင်းမှတစ်ဆင့် တွေဆုံဆွေးနွေးခဲခြင်းဖြစ်သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှ ယာယီသမ္မတ ဒူဝါလရှီလ ဦးဆောင်၍ ပြည်ထောင်စုဝန်ကြီး ချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်၊ ဖက်ဒရယ်ပြည်ထောင်စုရေးရောဝန်ကြီး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း နှင့် CRPH ဥက္ကဌ ဦးအောင်ကြည် ညွန့်တို့ တက်ရောက်ခဲ့သည်ဟု သိရသည်။
IKACC – PC ဘက်မှ ချင်းပြည်အစိုးရအဖွဲ့ (CG) ဝန်ကြီးချုပ် ဆလိုင်းမျိုးထိုက်နှင့် IKACC ဥက္ကဌ ဆလိုင်းစောမြ ဦးဆောင်၍ IKACC အတွင်းရေးမှူး ဆလိုင်းပေါလ်၊ PC အတွင်းရေးမှူး Salai Thawng Min ၊ PC AGS နှင့် ကာကွယ်ရေးဌာန တာဝန်ခံ Salai Lukar ၊ ပလက်ဝလွှတ်တော်ကိုယ်စားလှယ် ဦးစိန်အောင်တို့နှင့်အတူ IKACC- PC မှ တာဝန်ရှိသူတို့ တက်ရောက်ခဲ့သည်ဟု သိရသည်။
ပလက်ဝချင်းတော်လှန်ရေးအင်အားစုများ၏ တော်လှန်ရေးကာလအတွင်းနှင့် ယခုလတ်တလောမှာ ကြုံတွေ့နေရသော အခက်အခဲများ၊ စိတ်ခေါ်မှုများနှင့် IKACC – PC တို့ အကောင်အထည်ဖော်နေမှုများကိုလည်း NUG အစိုးရထံ တင်ပြဆွေးနွေးနိုင်ခဲ့သည်ဟု သိရသည်။
“အမျိုးသားအဆင့်အနေနဲ့ ကျနော်တို့ ချင်းပြည်၊ ချင်းလန်းအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ရတဲ့၊ အတူတူ လက်တွဲဆောင်ရွက်ရတဲ့ ကိစ္စတွေ ရှိတယ်။ အဲ့ဒီအပြင်ကို ကျနော်တို့ ပြည်ထောင်စုအဆင့်မှာ အမျိုးသားညီညွတ်ရေး အစိုးရနဲ့ ဆောင်ရွက်ရတဲ့ ကိစ္စတွေရှိတယ်။ ကျနော်တို့ အခု လက်တလော ကြုံနေရတဲ့ အခက်အခဲတွေ များစွာ ရှိပါတယ်။ ကဏ္ဍပေါင်းစုံကနေ အခက်အခဲ ကြုံနေရတာ ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီအပေါ်မှာလည်းပဲ ကျနော်တို့က ဒေသတွင်း ဒီတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ မိတ်ဖက်အနေနဲ့ ဆောင်ရွက်ပြီးတော့ ကျနော်တို့ သွားနေတာ ရှိပါတယ်” ဟု IKACC ဥက္ကဌ ဆလိုင်းစောမြက ပြောသည်။
ပလက်ဝဒေသခံများသည် အဘက်ဘက်မှ လူမှုစီးပွားဘဝ အခက်အခဲတွေ များစွာ ကြုံတွေ့နေရမှုများ ရှိနေပြီး ပလက်ဝ တော်လှန်ရေးအင်အားစုများက တဖြည်းဖြည်းနှင် ပိုမိုကောင်းမွန်သော လမ်းကြောင်းပေါ် ရောက်အောင် ကြိုးစား ဆောင်ရွက်နေကြောင်း သိရသည်။
ပလက်ဝမြို့နယ်တွင် IKACC / PC အပါအဝင် CPU/ CPA မှ CDF – Daai နှင့် MTC/ MDF တို့လည်း စစ်ရေးလှုပ်ရှားပြီး အဆိုပါမြို့နယ်၏ ဒေသအများစုကို ULA/ AA က ထိန်းချုပ်ထားသည်။

