(006SV)
၂၀၂၁ အာဏာသိမ်းစစ်တပ်၏ ဖမ်းဆီးအကျဉ်းချမှု ခံထားရသော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ကင်မ်အဲရစ် (Kim Aris) တို့ ငါးနှစ်အကြာ၌ ပထမဆုံးအကြိမ်အဖြစ် ယနေ့ အောက်တိုဘာလ ၂၂ ရက်မှာ မိနစ် ၂၀ ကြာ တယ်လီဖုန်းမှတစ်ဆင့် ဖုန်းပြောဆိုခွင့် ရရှိခဲ့ကြောင်း သိရသည်။
“ဒီနေ့ ငါးနှစ်ကျော်ကြာပြီးမှ ကျွန်တော့်မေမေ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရခဲ့ပါတယ်။ မေမေ့အသံကို ပြန်ကြားရတာ ကျွန်တော့်အတွက် စကားလုံးတွေနဲ့ ဖော်ပြလို့မရလောက်အောင် အဓိပ္ပာယ်ရှိပါတယ်။ မေမေနဲ့ ကျွန်တော့်ဘက်က ရပ်တည်ပြီး အားပေးခဲ့ကြသူအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။” ဟု သားငယ်ဖြစ်သူ ကင်မ်အဲရစ်က ယနေ့မှာ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ပြောသည်။
အားလုံး၏ တောင်းဆိုသံများကြောင့် ယခုအခွင့်အရေးကို ရရှိလာခဲ့ခြင်းဖြစ်ကြောင်း မိမိအနေဖြင့် ယုံကြည်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့်အထိ ဆက်လက်တောင်းဆိုပေးကြရန် ကင်မ်အဲရစ်က တိုက်တွန်းသည်။
အသက် ၈၁ နှစ် ရှိပြီးဖြစ်သော မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် မတရားဖမ်းဆီး ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး တစ်ကြိမ် စကားပြောခွင့်ရခြင်းက မိသားစုနှင့် ပုံမှန်ဆက်သွယ်ခွင့် ရခြင်း မဟုတ်ကြောင်း၊ မိသားစုနှင့် ဆက်သွယ်ခွင့် ရခြင်းကလည်း လွတ်မြောက်ခြင်း မဟုတ်ကြောင်း ကင်မ်အဲရစ်က ပြောသည်။
“မေမေ့ကို ဓားစာခံအဖြစ် ဆက်လက်ထိန်းသိမ်းပြီး သံတမန်ရေး အသိအမှတ်ပြုမှု၊ ပိတ်ဆို့အရေးယူမှု လျှော့ပေါ့ပေးရေးနဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက် အပေးအယူလုပ်ရာမှာ အသုံးမချသင့်ပါဘူး” ဟု ကင်မ်အဲရစ်က ပြောသည်။
အခြေခံလူ့အခွင့်အရေးများကို တရားဝင်အသိအမှတ်ပြုမှုနှင့် “အလဲအလှယ်မလုပ်ရန်” ဗြိတိန်အစိုးရနှင့် အာဏာသိမ်း စစ်တပ်နှင့် ထိတွေ့ ဆက်ဆံနေသော နိုင်ငံတကာအစိုးရအားလုံးကိုလည်း ကင်မ်အဲရစ်က မေတ္တာရပ်ခံထားသည်။
“မေမေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရပါမယ်။ လွတ်မြောက်ရေးဟာ အပေးအယူလုပ်ရမယ့် ကိစ္စ မဟုတ်ပါဘူး” ဟု ကင်မ်အဲရစ်က သူ့ဆိုရှယ်မီဒီယာမှတစ်ဆင့် ပြောသည်။
အာဏာသိမ်းစစ်တပ်သည် “ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသူ ဒေါ်အောင်ဆန်းစုကြည်” ဟူ၍ သုံးနှုန်းလျက် ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ကင်မ်အဲရစ် ခေါ် ကိုထိန်လင်းတို့ ယနေ့ အောက်တိုဘာလ ၂၂ ရက် နေ့လယ် ၂ နာရီခွဲမှ ၂ နာရီ မီနစ် ၅၀ အထိ ဖုန်းဆက်သွယ်ပြောဆိုခွင့် ပြုလုပ်ခဲ့ကြောင်း ယနေ့မှာ ထုတ်ပြန်သည်။
လန်ဒန်မြို့ရှိ မြန်မာသံရုံးမှတစ်ဆင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူတို့ တယ်လီဖုန်းဖြင့် အပြန်အလှန် ကောင်စစ်ဆိုင်ရာ ဆက်သွယ်ပြောဆိုမှု ရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဗြိတိန်ဘုရင် ချားလ်စ် တတိယ (King Charles III) က ဒေါ်အောင်ဆန်းစုကြည်ထံ စာအုပ်နှစ်အုပ်၊ အိတ်ပိတ်စာတစ်စောင်နှင့် သံတမန်ရေးရာစာအိတ်တစ်စောင်ကို စစ်တပ်အစိုးရမှတစ်ဆင့် အောက်တိုဘာလ ၁၉ ရက်မှာ ပေးပို့နိုင်ခဲ့ပြီး ၃ ရက်အကြာမှာ ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူတို့ ဖုန်းမှ ဆက်သွယ်နိုင်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။
၂၀၂၆ ခုနှစ် ဧပြီလ ၃၀ ရက်မှစတင်၍ အာဏာသိမ်းစစ်တပ်သည် နေပြည်တော်အကျဉ်းထောင်တွင် မတရားပုဒ်မများဖြင့် စွပ်စွဲ၍ ထောင်သွင်း အကျဉ်းချထားသော ဒေါ်အောင်ဆန်းစုကြည်ကို ကျန်ရှိသော ပြစ်ဒဏ်များအတွက် သတ်မှတ်ထားသော နေအိမ်မှာ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးခဲ့ကြောင်း စစ်တပ်က ယနေ့မှာ တရားဝင် ထပ်မံထုတ်ပြန်သည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အာဏာသိမ်းစစ်တပ်က စွပ်စွဲထားသော မတရားအမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံခဲ့ရပြီး ၅ နှစ်ကျော်ကာလအတွင်း လွတ်ငြိမ်းသက်သာခွင့်တချို့ ရရှိမှုကြောင့် လက်ရှိမှာ ထောင်ဒဏ် ၁၉ နှစ်နီးပါး ချမှတ်ခံထားရဆဲဖြစ်သည်။
Photos – SAC

