တရားမဝင်ငွေတိုးငွေချေးလုပ်ငန်းများကို ဒေသတရားရေးအဖွဲ့မှာ တရားစွဲဆိုနိုင်ဟု ဆို
(006SV)
ချင်းပြည်နယ်၊ လောက်တူဒေသတွင် တရားမဝင် ငွေတိုးငွေချေးလုပ်ငန်းများကို တားမြစ်ကန့်သတ်လိုက်ပြီး ဆက်လက်လုပ်ကိုင်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဟု လောက်တူဒေသ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ (LRPA) က အောက်တိုဘာလ ၂၀ ရက်မှာ ထုတ်ပြန်သည်။
တည်ဆဲဥပဒေနှင့်အညီ လုပ်ကိုင်ခွင့်မရှိဘဲ ငွေချေးယူသူများထံမှ အတိုးအမြတ်ရယူရန် ရည်ရွယ်သော ပုံစံမျိုးစုံဖြင့် ငွေတိုးငွေချေးလုပ်ငန်းများ လုပ်ကိုင်ခြင်းကို မည်သည့်လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းကိုမဆို တားမြစ်ကြောင်း၊ အွန်လိုင်းမှ ငွေတိုးငွေချေးလုပ်ငန်းများနှင့် ကြားခံဆောင်ရွက်ပေးမှုများကိုလည်း တားမြစ်လိုက်ကြောင်း သိရသည်။
ငွေချေးယူသူများ၏ စီးပွားရေးအခက်အခဲကို အခွင့်ကောင်းယူ၍ အတိုးနှုန်းလွန်ကဲစွာ ကောက်ခံခြင်း၊ အတိုးပေါ် အတိုးကို မတရားတွက်ချက်ခြင်း၊ အကြွေးပမာဏကို မမှန်မကန် တိုးမြှင့်ခြင်းနှင့် သဘောတူညီချက် မရှိသော ငွေကြေးများ ထပ်မံတောင်းခံခြင်းကိုလည်း တားမြစ်သည်ဟု သိရသည်။
အကြွေးပြန်လည်ကောက်ခံရာတွင် ခြိမ်းခြောက်ခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊ အရှက်ခွဲခြင်း၊ မိသားစုဝင်များအပေါ် ဖိအားပေးခြင်းနှင့် ငွေချေးယူသူများ၏ ပစ္စည်းဥစ္စာများကို ဥပဒေနှင့် မညီဘဲ သိမ်းယူခြင်းကိုလည်း တားမြစ်သည်ဟု သိရသည်။
ယခုအမိန့်အာဏာ သက်ရောက်သော အောက်တိုဘာလ ၂၆ ရက်မှစ၍ ငွေတိုးငွေချေးလုပ်ငန်းများကို ရပ်ဆိုင်းရမည်ဖြစ်ပြီး အမိန့်မထုတ်ပြန်မီက ဖြစ်ပေါ်ခဲ့သော ကြွေးမြီးများနှင့် စာချုပ်များကိုလည်း သက်ဆိုင်ရာ ဥပဒေနှင့်အညီ စိစစ်ဖြေရှင်းရမည်ဟု LRPA က ဆိုသည်။
လက်ရှိ အမိန့်ကို အကြောင်းပြု၍ ငွေချေးငွေပေးသူ သို့မဟုတ် ငွေချေးယူသူ၏ တရားဝင်အခွင့်အရေးများကို အလိုအလျောက် ပယ်ဖျက်ခြင်း မပြုရနှင့် ကြွေးမြီးများကို ဖြေရှင်းရာမှာ အထောက်အထားများကို အခြေခံ၍ မျှတစွာ ဆောင်ရွက်ရမည်ဟု အသိပေးထားသည်။
တရားမဝင် ငွေတိုးငွေချေးလုပ်ငန်းများ ဆက်လက် လုပ်ကိုင်ပါက စီမံခန့်ခွဲရေး ပြစ်ဒဏ်ဖြင့် လုပ်ငန်းရပ်ဆိုင်းစေခြင်းနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဟု သိရသည်။
အတိုးနှုန်း လွန်ကဲစွာ ကောက်ခံခြင်း၊ ခြိမ်းခြောက် အနိုင်အထက်ပြုခြင်းနှင့် မတရားပစ္စည်းသိမ်းယူခြင်းများကိုလည်း စိစစ်အရေးယူမည်ဖြစ်၍ ပြည်သူများ လိုက်နာကြရန်၊ ကျူးလွန်မှုများ တွေ့ရှိပါက ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ သို့မဟုတ် LRPA အဖွဲ့ထံသို့ တိုင်တန်းခြင်းဖြစ်စေ၊ ဒေသတရားရေးအဖွဲ့သို့ တရားစွဲဆိုခြင်းဖြစ်စေ ပူးပေါင်းဆောင်ရွက်နိုင်သည်ဟု သိရသည်။

