(006SV)
ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်မြို့၊ ကန်ပက်လက်မြို့နှင့် ကျင်ဒွေးမြို့သို့ ဦးတည်ထိုးစစ်ဆင်လာသော အာဏာသိမ်းစစ်တပ်နှင့် ချင်းတော်လှန်ရေးပူးပေါင်းတပ်များသည် စစ်မျက်နှာ ၄ ခုတွင် တိုက်ပွဲများ ၅ လကြာ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။
ချင်းပြည်သူ့တပ်မတော် (CPU/ CPA) နှင့် မဟာမိတ်ပူးပေါင်းများသည် ကန်ပက်လက်မြို့၊ ကျင်ဒွေးမြို့၊ မင်းတပ်မြို့နှင့် ရွှေအောင်သာရွာ စသည့် စစ်မျက်နှာ ၄ ခုတွင် ယခုနှစ်၊ မေလ ၁၆ ရက်မှ စတင်၍ ယနေ့အထိ စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု CPU/ CPA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ၎င်း၏ ဆိုရှယ်မီဒီယာမှတစ်ဆင့် ပြောသည်။
“ဒီ (၅)လတာ တိုက်ပွဲမှာ ချင်းပြည်သူ့တပ်မတော်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေရဲ့ မြေပြင်က ရဲဘော်တွေဟာ အကြမ်းဖက်စစ်ကော်မရှင်တပ်တွေ အထိနာအောင် အကြိမ်ပေါင်းများစွာ တွန်းလှန် တိုက်ခိုက်နိုင်ခဲ့ကြပြီး လက်ရှိ အချိန်ထိ ချင်းပြည်နှင့် ချင်းပြည်သူလူထုကို အကောင်းဆုံး ကာကွယ်ခုခံ နေပါတယ်” ဟု ဆလိုင်းယောမာန်က ပြောသည်။
စစ်တပ်၏ ထိခိုက်ကျဆုံးမှု၊ သိမ်းဆည်းရမိလက်နက်များ၊ ဖမ်းဆီးရမိ စစ်သုံ့ပန်းများနှင့် အလင်းဝင်လာသော တပ်ဖွဲ့ဝင်များကို အခါအားလျော်စွာ သတင်းထုတ်ပြန်လျက်ရှိသည်ဟု CPU/ CPA က ဆိုသည်။
“ကန်ပက်လက်ဖြစ်စေ၊ မင်းတပ်ဖြစ်စေ၊ ရွှေအောင်သာဖြစ်စေ စစ်မျက်နှာတိုင်းမှာ အကြမ်းဖက်စစ်ကော်မရှင်တပ်တွေ ရည်ရွယ်ရင်းကို မရောက်ဘဲ အထိနာပြီး နောက်ဆုတ်သွားအောင် ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေ တိုက်နိုင်ခဲ့ပါတယ်။ ဒီတစ်ကြိမ် ကျင်ဒွေးစစ်မျက်နှာမှာလည်း ပြည်သူတွေ ဆက်လက်ပါဝင်ကြရင် အရင်ကလိုပဲ ကျနော်တို့ စွမ်းဆောင်နိုင်မှာ သေချာပါတယ်” ဟု CPU/ CPA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ကျင်ဒွေးမြို့ ထိုးစစ်ဆင်လာနေသော စစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့သည် စက်တင်ဘာလ ၂၆ ရက်မှစတင်ပြီး ယနေ့အထိ တိုက်ပွဲများ ပြင်းထန်နေသည်ဟု သိရသည်။
အာဏာသိမ်းစစ်တပ်သည် မေလလယ်ခန့်မှာ မကွေးတိုင်း၊ လောင်းရှည်မြို့မှတဆင့် ဆောမြို့ကို ဝင်လာသော အင်အား ၆၀၀ ဝန်းကျန်ရှိသော စစ်တပ်စစ်ကြောင်းသည် မေလ ၁၆ ရက်မှာ ကန်ပက်လက်မြို့ကို ဦးတည်လာနေသည့်အတွက် တော်လှန် ရေးပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲများ အပြင်းအထန် စတင်ဖြစ်ပွားသည်။
ထပ်မံ၍ မကွေးတိုင်း၊ ပေါင်းကပစ (၂၄)က ရာချီသော စစ်ယာဉ်တန်းသည် ပုံတောင်ပုံညာ၊ တပြင်းရွာမှတစ်ဆင့် ဆောမြို့နယ်၊ ကျောက်ထုအမြောက်တပ် အမတ (၃၆၈) တို့ ဝင်လာပြီး ကန်ကြီးရွာမှာ တပ်စွဲထားသော စစ်တပ် အင်အားနှင့် ပူးပေါင်းကာ အင်အား ၉၀၀ ဝန်းကျင်ဖြင့် မင်းတပ်မြို့သို့ ထိုးစစ်ဆင်လာရာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားသည်။
“အကြမ်းဖက်စစ်တပ်ဟာ မင်းတပ်မြို့ကိုရော၊ ကန်ပက်လက်မြို့ကိုပါ တပြိုင်နက် ထိုးစစ်ဆင်ပြီး မြို့တွေကို သိမ်းယူနိုင်ဖို့ ကြိုးစားပါတယ်။ လူတွေရင်း၊ အနာခံပြီး တရှိန်ထိုး တက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးအဖွဲ့တွေက ကျားကုတ်ကျားခဲ ကြံ့ကြံ့ခံရင်ဆိုင်ပြီး မြို့တွေကို ကာကွယ်နိုင်ခဲ့ပါတယ်” ဟု CPU/ CPA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
မြို့များကို မသိမ်းနိုင်သော စစ်တပ်သည် နောက်တန်းမှတစ်ဆင့် ဒုတိယအကြိမ် ထပ်မံအင်အားဖြည့်တင်းပြီး ပေါက် ကပစ (၂၄) တွင် အင်အားစုစည်းကာ ယောဒေသ၊ ကန်ကြီး၊ လယ်ကြီးအိုင်၊ ကချောင်းစသော ရွာများတွင်လည်း အခြေချတပ်စွဲသည့်အပြင် မင်းတပ်နှင့် ကန်ပက်လက် စစ်မျက်နှာများကို အင်အားဖြည့်၍ ထပ်မံ ထိုးစစ်ဆင်သည်ဟု သိရသည်။
ယင်းထိုးစစ်ဆင်လာမှုကို ချင်းပြည်သူ့တပ်မတော်နှင့် မဟာမိတ်ပူးပေါင်းများ၏ ခုခံမှုကြောင့် မြေပြင်မှာ အထိနာပြီး ရှေ့မထိုးနိုင်ဘဲ တန့်နေသည်ဟု သိရသည်။
ထပ်တိုးအင်အားဖြင့် ရှေ့ဆက်မတိုးနိုင်သော စစ်တပ်သည် တတိယအကြိမ်အဖြစ် စစ်ကြောင်း ၂ ကြောင်းနှင့် ထပ်မံ အင်အားဖြည့်တင်းခဲ့ပြီး ပထမစစ်ကြောင်းမှာ ကနဦးစစ်ကြောင်းများကဲ့သို့ မကွေး၊ မင်းလှမှတစ်ဆင့် လောင်းရှည်ကို စစ်ယာဉ်တန်း ဝင်လာသည်ဟု သိရသည်။
လောင်းရှည်မှတစ်ဆင့် ဆောကို အင်အားဖြည့်မည့် အဆိုပါစစ်ယာဉ်တန်းသည် ခရိုင် PDF တပ်ရင်းများ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ဆောကို အင်အားမဖြည့်နိုင်ဘဲ အထိအခိုက်ကျဆုံးများစွာဖြင့် တပ်လန်ပြီး လောင်းရှည်ကို ပြန်ဆုတ်သွားခဲ့ရကြောင်း CPU ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။
ဒုတိယ စစ်ကြောင်းမှာ ပေါက်ကပစ ၂၄ မှတစ်ဆင့် ပုံတောင်ပုံညာ၊ တပြင်းရွာ လမ်းအတိုင်း ချီတက်လာပြီး ကျောက်ထုအမြောက်တပ်ကို အားမဖြည့်ဘဲ မြောက်ဘက်ရှိ ချင်း- မကွေးအစပ် ရွှေအောင်သာရွာကို ဦးတည်၍ ချင်းပြည်ကုန်သွယ်ရေးကို ပိတ်ဆို့ရန် ကြိုးပမ်းလာခဲ့သည်ဟု သိရသည်။
“ဒါပေမယ့် ရွှေအောင်သာရွာကို မရောက်ခင် ချင်းပြည်သူ့တပ်မတော်နှင့် မဟာမိတ်ပူးပေါင်းတပ်တွေက ဆီးကြိုတိုက်ခိုက်တာကြောင့် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားပြီး ကြည်းရွာမှာပဲ စခတွေ တပ်စွဲထားပါတယ်။ ဆက်လက်ပြီး လက်ရှိအချိန်ထိ ကြည်းနှင့် ရွှေအောင်သာ ကြားမှာပဲ နှစ်ဘက် ထိတွေ့တိုက်ပွဲတွေ ဖြစ်နေဆဲပါ” ဟု CPU/ CPA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ဆိုသည်။
အာဏာသိမ်းစစ်တပ်သည် ချင်းတောင်ထိုးစစ်အတွက် စတုတ္ထအကြိမ်အဖြစ် စလင်း-ကံပြားမှတဆင့် လောင်းရှည်ကို စစ်ယာဉ်တန်း ၁၉၃ စီး ထပ်မံ၍လည်း အားဖြည့်ခဲ့ကြောင်း သိရသည်။
လောင်းရှည်ကို ရောက်လာသော စစ်တပ်သည် အရင်စစ်ကြောင်းများကဲ့သို့ တောင်ဘက်က ဆောမြို့ကို မသွးဘဲ အနောက်ဘက် ဦးတည်၍ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ဆီသို့ စစ်ကြော်းထိုးလာသည့်အတွက် စက်တင်ဘာလ ၂၆ ရက်မှစ၍ နှစ်ဖက်ထိတွေ့တိုက်ပွဲများ လက်ရှိအချိန်အထိ ပြင်းထန်းနေဆဲဖြစ်သည်ဟု သိရသည်။
တော်လှန်ရေး ပူးပေါင်းတပ်များ၏ မြေပြင်က အောင်ပွဲများကို ဆက်လက်ထိန်းသိမ်းပြီး စစ်တပ် ထိုးစစ်ကို ရိုက်ချိုးနိုင်ဖို့ ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာ မိဘပြည်သူများအနေဖြင့် မိမိတို့ တတ်နိုင်သမျှ အင်အားဖြင့် ပါဝင်ပံ့ပိုးပေးကြဖို့ CPU/ CPA က တိုက်တွန်းသည်။

