(006SV)
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ချောင်းဆုံရွာအနီး ကုန်တင်ဆိပ်ကမ်းကို အာဏာသိမ်းစစ်တပ်က ၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု ရှိနေကြောင်း ဒေသတွင်းသတင်း ရင်းမြစ်နှင့် စစ်ရေးသတင်းရင်းမြစ်တချို့ထံမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်းသို့ ကုန်စည်ကူးသန်သွားလာရာမှာ အသုံးပြုနေသော အဆိုပါချောင်းဆုံကုန်ဆိပ်ကို ယနေ့ အောက်တိုဘာလ ၁၉ ရက်၊ နေ့လည် ၁၁ နာရီခွဲခန့်မှစတင်၍ စစ်တပ်သည် ဂျက်ဖိုက်တာ ၂ စီး၊ Y – 12 ၂ စီးတို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ယမန်နေ့က လေကြောင်းတိုက်ခိုက်သွားသော အဆိုပါကုန်တင်ဆိပ်ကမ်းကိုပင် ယနေ့မှာ ထပ်မံ လာရောက်ဗုံးကြဲတိုက်ခိုက် ခြင်းဖြစ်ပြီး ထပ်မံထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို မသိရှိနိုင်သေးကြောင်း ဒေသခံတချို့က ပြောသည်။
ယနေ့လေကြောင်းတိုက်ခိုက်မှုတွင် ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်များကို ရည်ရွယ်ချက်ရှိရှိလည်း လိုက်လံပစ်ခတ်ခဲ့ပြီး ကုန်တင်ကုန်ကျ အလုပ်သမားနှင့် ကုန်သည်များ ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း ပလက်ဝဒေသတွင်းနှင့် ရခိုင်ဒေသတွင်း သတင်းဌာနတချို့မှာလည်း ရေးသားထားသည်။
ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်၊ နေ့လယ် ၁ နာရီခွဲခန့်ကလည်း ချောင်းဆုံရွာအနီး ဆိပ်ကမ်းကို Y – 12 ၁စီး နှင့် ဂျက်ဖိုက်တာ ၂ စီးအသုံးပြု၍ စစ်တပ်က ဗုံးအလုံးရေ ၂၀ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းချောင်းဆုံစက်လှေဆိပ် ဗုံးကြဲခံရမှုတွင် အရပ်သားပြည်သူ ၈ ဦး သေဆုံးပြီး ၄ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။
“အဓိကက အိန္ဒိယဘက်ကနေ ဝင်လာတဲ့ ကုန်စည်စီးဆင်းရာ လမ်းကြောင်းတွေကို သူတို့က ဖျက်လို ဖျက်စီးလုပ်တဲ့ အနေ အထားမျိုးပဲ၊၊ ကျောက်တော် ဖြစ်စဉ်မှာဆိုရင်လည်း ကုလားဈေးလို့ ခေါ်တဲ့ အိန္ဒိယဈေးကို တိုက်သွားတယ်။ အခုလည်း အိန္ဒိယဘက်ကနေပဲ ပစ္စည်းတွေ ဝင်တာဆိုတော့ အိန္ဒိယဘက်ကနေ လာတဲ့ ကုန်ဆိပ်တွေကိုပဲ ရွေးပြီးတော့ တိုက်တဲ့ အနေအထားမျိုးလို့ပဲ ပြောရမှာပါ” ဟု စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
ချောင်းဆုံစက်လှေဆိပ်သည် ခရီးသွားပြည်သူနှင့် ဒေသခံကုန်သည်များဖြင့် အမြဲစည်ကားနေလေ့ရှိသော ကုန်တင်ဆိပ်ဖြစ်ပြီး စက်လှေများ၊ ကုန်တင်ကုန်ကျ အလုပ်သမားများ၊ ကုန်သည်များ၊ ထမင်းဆိုင်များ၊ စားသောက်ကုန်များနှင့် ယာယီတည်းခိုခန်းများ လည်း တည်ရှိကြောင်း သိရသည်။
နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်ခံရသော ချောင်းဆုံရွာဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိရင်နိုင်ရန် ခိုနူမ်းသုန်သတင်းက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
အာဏာသိမ်းစစ်တပ်သည် စက်တင်ဘာလ ၂၈ ရက်ကလည်း ကျောက်တော်မြို့၊ အိန္ဒိယဈေးကို လေကြောင်းဗုံးကြဲမှု အပြင်းအထန် ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူ ၅၀ ခန့် အစုအပြုံလိုက် သေဆုံးခဲ့ပြီး ၆၀ နီးပါး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

